ALONE (2015)

ဇာတ်လမ်းအစမှာတော့ မိုးတွေချိန်းပြီး လျှပ်စီးတွေလက်နေတဲ့ ညတစ်ညမှာ အိမ်တစ်အိမ်ရဲ့ ခေါင်မိုးပေါ်ကို သစ်ကိုင်းကြီးကျိုးကျလာခဲ့ပြီး ခေါင်မိုးပေါက်သွားခဲ့တာနဲ့တစ်ပြိုင်နက် အိမ်ခန်းထဲမှာ ပိတ်မိနေတဲ့ ဝိဉာဉ်အမဲကြီးတစ်ခု လွတ်ထွက်လာခဲ့ပါတယ်။

ခွေးတွေကလဲ ကျောချမ်းစရာကောင်းအောင် ဆွဲဆွဲငင်ငင်အူနေကြပြီး အပြင်ဘက်က တစ်စုံတစ်ခုရဲ့ အသံကြားလိုက်ရတာကြောင့် မိန်းမကြီးတစ်ယောက်ဟာ အိမ်ထဲကနေ ထွက်လာပြီး ဓာတ်မီးတစ်လက်နဲ့ ပတ်ဝန်းကျင်ကို လိုက်ရှာကြည့်နေပါတယ်။

အဲ့ဒီအချိန်မှာပဲ သံပတ်အရုပ်ကလေးတစ်ခုရဲ့ သီချင်းသံက ရုတ်တရက် ထွက်ပေါ်လာခဲ့ပြီး မိန်းမကြီးလဲ အသံကြားရာ အိမ်ခန်းဟောင်းကြီးတစ်ခုဘက်ကို သွားကြည့်ခဲ့ပါတယ်။

အိမ်ခန်းကြီးထဲမှာတော့ ပစ္စည်းအကျိုးအပဲ့တွေနဲ့ ကလေးကစားစရာအရုပ်အဟောင်းတွေကလွဲရင် ဘာမှရှိမနေခဲ့ပါဘူး။

ရုတ်တရက်ဆိုသလိုပဲ မိန်းမကြီးက သူ့ရဲ့အနောက်ကနေ အသံနက်ကြီးတစ်ခုကို ကြားလိုက်ရတာကြောင့် လှည့်ကြည့်လိုက်ချိန်မှာပဲ 😱😱 ဘွားကနဲ ပေါ်လာခဲ့တဲ့အရာကြီးကြောင့် မိန်းမကြီးလဲ သတိတွေပါ လစ်သွားခဲ့ရပါတော့တယ်။


မြေအောက်ခန်း ကားပါကင်တစ်ခုမှာတော့ ဆန်ဂျနာ လို့ခေါ်တဲ့ အမျိုးသမီးတစ်ယောက်က သူ့ယောကျာ်းဆီက ဖုန်းဆက်လာတာကြောင့် စားသောက်ဆိုင်ကို သူထွက်လာပြီဖြစ်ကြောင်း ပြောပါတယ်။

ဒါပေမဲ့ ယောကျာ်းဖြစ်သူကတော့ အလုပ်မှာ အစည်းအဝေး ရှိသေးတာကြောင့် အလုပ်ဆင်းမှပဲ အိမ်ကို ပြန်လာခဲ့တော့မယ်လို့ ပြောပါတယ်။

ဆန်ဂျနာက သူ့မွေးနေ့မှာတောင် အချိန်မပေးနိုင်တဲ့ သူ့ယောကျာ်းကို စိတ်ဆိုးသွားပြီး ဖုန်းချလိုက်ကာ အိမ်ကိုပဲ ပြန်လာခဲ့လိုက်ပါတော့တယ်။

ဆန်ဂျနာ အိမ်ကိုရောက်တော့ မီးတွေလဲ ပျက်နေပြီး ဧည့်ခန်းဘက်ကနေ ပစ္စည်းတွေကျသွားတဲ့အသံ ကြားလိုက်ရတာကြောင့် ဧည့်ခန်းထဲကို ဝင်လာခဲ့ပါတယ်။

အဲ့အချိန်မှာပဲ ဝါးးးး ဆိုတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ အော်သံနဲ့အတူ မီးတွေလဲ ပြန်လင်းလာခဲ့ပြီး ဆန်ဂျနာရဲ့ မိတ်ဆွေတွေက ဆန်ဂျနာ့ မွေးနေ့အတွက် စပရိုက်လုပ်ကြပါတော့တယ်။

အကုန်လုံးကလဲ ဆန်ဂျနာ့အတွက် Happy Birthday သီချင်းကို ဝိုင်းဆိုပေးလိုက်ကြပြီး လက်ခုပ်တွေ တီးပေးကြပါတယ်။

ဆန်ဂျနာကလဲ သူ့အတွက် စပရိုက်စီစဉ်ပေးထားတာကို ကျေးဇူးအရမ်းတင်ကြောင်း သူ့မိတ်ဆွေ အန်ဂျူ ကိုပြောပါတယ်။

အန်ဂျူကတော့ စပရိုက်က သူစီစဉ်ထားတာ မဟုတ်လို့ သူ့ကိုကျေးဇူးတင်ရမှာမဟုတ်ဘဲ စီစဉ်သူဖြစ်တဲ့ ကိုယ့်ယောကျာ်းကိုပဲ ကျေးဇူးတင်လိုက်ပါလို့ ပြောပါတယ်။

ဒါပေမဲ့ ဆန်ဂျနာကတော့ သူ့မွေးနေ့မှာတောင် အလုပ်ကြောင့် နောက်ကျနေတဲ့ သူ့ခင်ပွန်း ကဘီးကို စိတ်ကောက်မပြေနိုင်သေးပါဘူး။

အန်ဂျူကလဲ စိတ်ကောက်မနေတော့ဘဲ ကဘီးကိုယ်တိုင် စီစဉ်ပေးထားတဲ့ မွေးနေ့ကိတ်ကို ခွဲရအောင်လို့ ပြောပြီး ဆန်ဂျနာကို ချော့လိုက်ပါတယ်။

ဆန်ဂျနာကတော့ သူ့ယောကျာ်း ပြန်မလာသေးဘဲ ကိတ်မခွဲချင်သေးဘူးလို့ အန်ဂျူကို ပြောပါတယ်။

အဲ့တာနဲ့ပဲ အန်ဂျူက သူ့ရဲ့အစ်မဝမ်းကွဲ ဖြစ်တဲ့ ချေသရာ ဆိုသူနဲ့ မိတ်ဆက်ပေးပါတယ်။

ချေသရာက တားရော့ဗေဒင်တွေကို မှန်အောင်ဟောနိုင်တဲ့သူတစ်ယောက်ဖြစ်တာကြောင့် ဆန်ဂျနာလဲ စိတ်ဝင်စားရင် စမ်းကြည့်ဖို့ အန်ဂျူက ပြောပါတယ်။

ဆန်ဂျနာကတော့ ဗေဒင်တွေ နက္ခတ်တွေကို သိပ်အယုံကြည်မရှိတာကြောင့် စိတ်မဝင်စားပါဘူးလို့ပဲ ပြောလိုက်ပါတယ်။

အဲ့တာနဲ့ ဗေဒင်ဆရာမ ချေသရာကလဲ ဆန်ဂျနာရဲ့ဘဝမှာ ဒီနေ့လိုပဲ တစ်သက်လုံး ပျော်ပျော်ရွှင်ရွှင်ပဲ နေနိုင်သွားမလားဆိုတာ မသေချာလို့ တစ်ခေါက်လောက်တော့ စမ်းကြည့်ဖို့ ပြောလိုက်ပါတယ်။

ချေသရာရဲ့ စကားတွေကို စိတ်ခုသွားတဲ့ ဆန်ဂျနာလဲ တားရော့ဗေဒင်ကို စမ်းကြည့်ဖို့ လက်ခံလိုက်ပါတယ်။

အဲ့ဒီနောက်တော့ ချေသရာက ဖဲချပ်တွေကို အတိတ်နိမိတ်ကောက်ပြီး ဆန်ဂျနာအတွက် ဗေဒင်ဟောပေးပါတယ်။

ချေသရာက ဆန်ဂျနာဟာ သူချစ်ရတဲ့သူ၊ သံယောဇဉ်ရှိတဲ့သူတွေနဲ့ ဝေးခဲ့ရဖူးတယ်လို့ ဟောလိုက်တော့ ဆန်ဂျနာလဲ ဟုတ်တယ်လို့လဲ ပြောလို့ရသလို မဟုတ်ဘူးလို့လဲ မှတ်ယူလို့ရတယ်လို့ အဖြေနှစ်ခွ ပေးလိုက်ပါတယ်။

ပြီးတော့ ချေသရာက ဆန်ဂျနာ ပျောက်ဆုံးသွားခဲ့ဖူးတဲ့အရာတွေ ပြန်ရဖို့ရှိတယ်လို့ ဟောလိုက်တော့ ဆန်ဂျနာလဲ သူ့မှာ ဘာပစ္စည်းမှ ပျောက်မနေကြောင်း ပြောပါတယ်။

ချေသရာလဲ အဲ့လိုဆိုရင်တော့ တစ်ယောက်ယောက် ပြန်လာကိန်းရှိတယ်လို့ ပြောလိုက်ပါတယ်။

အဲ့ဒီဟောကိန်းကြောင့် ဆန်ဂျနာလဲ တစ်ခုခုကို စိုးရိမ်သွားပြီး မှင်သက်နေတုန်း ဆန်ဂျနာ့ယောကျာ်း ကဘီး ပြန်ရောက်လာကာ ဂစ်တာလေးတီးရင်း အိမ်ထဲဝင်လာခဲ့ပါတယ်။

ဆန်ဂျနာ နာရီကို လှမ်းကြည့်လိုက်တော့ ၁၂ ကျော်နေပြီ ဖြစ်တာကြောင့် ကဘီးလဲ သူ့မိန်းမအခြေအနေကို သဘောပေါက်သွားပြီး နားရွက်လေးဆွဲပြကာ တောင်းပန်လိုက်ပါတယ်။

နောက်တော့ ကဘီးက သူ့မိန်းမကို သီချင်းလေးဆိုပြပြီး ချော့လိုက်ရင်း သူ့မိန်းမနဲ့တူတူ မွေးနေ့ကိတ်ကိုခွဲလိုက်ကာ မွေးနေ့ပွဲလေးကို ပျော်ပျော်ရွှင်ရွှင် ကျင်းပလိုက်ပါတော့တယ်။

ဒါပေမဲ့ မွေးနေ့ပွဲပြီးသွားတဲ့အခါမှာတော့ အခဲမကျေနိုင်သေးတဲ့ ဆန်ဂျနာက အလုပ်တွေနဲ့ပဲ အချိန်ကုန်နေတတ်တဲ့ ကဘီးကို သူတို့နှစ်ယောက်အတွက် သီးသန့်အချိန်လေးတွေ ပေးဖို့ ပြောရင်း လင်မယားနှစ်ယောက် စကားများနေခဲ့ပါတယ်။


ကဘီးကလဲ သူတို့နှစ်ယောက်ထဲပဲ တူတူနေချင်လို့ ဆန်ဂျနာ့ကို သူ့မိဘအိမ်ကနေတောင် ခေါ်ထုတ်လာပြီး အခုလို သီးသန့်နေကြပေမဲ့ အလုပ်တောင်မလုပ်ဘဲ နေရရင်တော့ အိမ်မှာပဲနေပြီး ဆန်ဂျနာ့အနားမှာပဲ ကပ်ချွဲနေရမှာလားလို့ ပြောပါတယ်။

အဲ့လိုမျိုးဆိုရင်တော့ အဆင်မပြေနိုင်တာကြောင့် ဆန်ဂျနာ့ မိဘတွေရဲ့ အိမ်ရှိရာ ကရလားမြို့ကိုပဲ ပြန်သွားချင်လားလို့ ကဘီးက ပြောလိုက်ပါတယ်။

ဆန်ဂျနာက အဲ့ဒီမြို့၊ အဲ့ဒီအိမ်မှာ ဆုံးသွားပြီဖြစ်တဲ့ သူ့ရဲ့အမွှာညီအစ်မ အန်ဂျနာရဲ့ အငွေ့အသက် အမှတ်တရတွေ ရှိနေသေးတာကြောင့် အိမ်ပြန်ဖို့ကို ထိတ်လန့်နေခဲ့ပါတယ်။

အဲ့ဒီအချိန်မှာပဲ တိုက်တိုက်ဆိုင်ဆိုင် ဆန်ဂျနာရဲ့အမေက ဆေးရုံတက်ရလို့ ကရလားမြို့ကို ပြန်ရဖို့ အကြောင်းဖန်လာပါတော့တယ်။

နောက်တစ်ရက်မှာတော့ ဆန်ဂျနာတစ်ယောက် သူ့ရဲ့အမွှာညီအစ်မအကြောင်း အိပ်မက်ဆိုးတွေ မက်ပြီး အိပ်ပျော်နေရာကနေ လန့်နိုးလာပါတယ်။

လင်မယားနှစ်ယောက် ကရလားမြို့ကို သွားနေပြီဖြစ်ပြီး လန့်နိုးလာတဲ့ ဆန်ဂျနာကတော့ သူတို့သာ ခွဲစိတ်မှုကို မလုပ်ခဲ့ရင် သူ့ရဲ့ဝမ်းချင်းဆက် အမွှာညီမလေး သေခဲ့ရမှာမဟုတ်ဘူးဆိုပြီး ကိုယ့်ကိုယ်ကို အပြစ်တင်နေခဲ့ပါတယ်။

ကဘီးကလဲ အဲ့တာက ဆန်ဂျနာ့အပြစ်မဟုတ်ဘဲ ကြုံတောင့်ကြုံခဲ ဖြစ်ရပ်တစ်ရပ်ပါဆိုပြီး သူ့မိန်းမကို အားပေးစကားပြောလိုက်ပါတယ်။

ကရလားမြို့ကိုရောက်တော့ ဆန်ဂျနာက ဆေးရုံတက်နေရတဲ့ သူ့အမေဆီကို ဝင်လာခဲ့ပါတယ်။

ဆန်ဂျနာ့အမေက ခေါင်းမှာ ဒဏ်ရာရသွားတာကြောင့် စကားလဲပြောလို့မရတော့သလို အသွားအလာလဲ လုပ်မရတော့ပါဘူး။

ဆန်ဂျနာကလဲ သူ့အမေရဲ့အဖြစ်ကို သိသွားတော့ အမေဖြစ်သူရဲ့ နဖူးလေးကို ပွတ်သပ်ပေးရင်း ဝမ်းနည်းပြီး မျက်ရည်တွေ ဝဲလာပါတော့တယ်။

အဲ့ဒီနောက် ဆန်ဂျနာတို့ရဲ့ အိမ်ကြီးကို ကဘီးနဲ့ ဆန်ဂျနာတို့နှစ်ယောက်လဲ လှေစီးပြီး ရောက်လာခဲ့ပါတယ်။

ဆန်ဂျနာကတော့ ခြံထဲ ရောက်ရောက်ချင်းမှာပဲ မကောင်းတဲ့ အငွေ့အသက်တွေကို ခံစားလိုက်ရပါတယ်။

အိမ်ကြီးတစ်ခုလုံးကတော့ လမ်းလျှောက်လာရင် ကိုယ့်ခြေသံကိုယ် ပြန်ကြားရလောက်တဲ့အထိ တိတ်ဆိတ်နေခဲ့တာပါ။

ဆန်ဂျနာတို့လင်မယား အိမ်ထဲကိုရောက်လာတော့ ဆန်ဂျနာက သူတို့ညီအစ်မနှစ်ယောက် ငယ်ငယ်တုန်းက တူတူတီးခဲ့ဖူးတဲ့ စန္ဒယားကြီးကို ပြန်တီးကြည့်ရင်း အရင်ကအကြောင်းတွေကို သတိရပြီး ဝမ်းနည်းနေခဲ့ပါတယ်။

အဲ့ဒီနောက်တော့ ဆန်ဂျနာတစ်ယောက် အိမ်ကြီးထဲက ပစ္စည်းတွေနဲ့ သူတို့ညီအစ်မနှစ်ယောက်ရဲ့ ဓာတ်ပုံတွေကို ပြန်ကြည့်ရင်း ငယ်ငယ်က သူတို့တူတူ ဆော့ခဲ့တာတွေကို ပြန်စဉ်းစားမိနေခဲ့ပါတယ်။

ခဏကြာတော့ အိမ်အကူ အဒေါ်ကြီး မန်ဂလားနဲ့ သူ့ချွေးမ ဂီသာတို့ ရောက်လာပြီး ဓာတ်ပုံတွေကြည့်နေတဲ့ ဆန်ဂျနာ့ကို လာနှုတ်ဆက်ပါတယ်။

အဒေါ်ကြီးလဲ သူ့သားက အသုံးမကျတာကြောင့် ချွေးမကိုပါ သူနဲ့တူတူ ဒီအိမ်ကြီးမှာ အလုပ်လုပ်ဖို့ ခေါ်လာခဲ့တာဖြစ်ကြောင်း ပြောပြပါတယ်။

ဆန်ဂျနာက သူ့အမေ အရင်နေ့က ဘာဖြစ်ခဲ့တာလဲဆိုတဲ့အကြောင်းကို မေးတော့ မန်ဂလားလဲ အဲ့ဒီညက လေပြင်းတွေတိုက်ပြီး သစ်ကိုင်းကြီး ကျိုးကျခဲ့ကြောင်းနဲ့၊

သူတို့ ထွက်ကြည့်ချိန်မှာတော့ ဆန်ဂျနာ့အမေက သတိလစ်ပြီး လဲကျနေတာကို တွေ့လိုက်ရတယ်လို့ ပြောပါတယ်။

ကဘီးက ဆန်ဂျနာတို့ရဲ့ အိမ်ကြီးဘေးမှာရှိတဲ့ တိုက်ခန်းဟောင်းကြီးတစ်ခုကိုကြည့်ရင်း ဒီအိမ်ခန်းကို ဘာလို့ သော့ခတ်ထားရတာလဲဆိုပြီး မန်ဂလားကိုမေးပါတယ်။

မန်ဂလားလဲ ဒီအိမ်ကို သော့ခတ်ထားတာ လွန်ခဲ့တဲ့ ၇ နှစ်လောက်က ဖြစ်ပြီး သူတို့ရောက်တာမှ ၅ နှစ်ပဲရှိသေးတာကြောင့် သော့ခတ်ထားရတဲ့အကြောင်းအရင်း တိတိကျကျ မသိပေမဲ့၊

ဆန်ဂျနာတို့အမေ ပြောတာကတော့ အရင်တုန်းက ဒီအိမ်ခန်းမှာ ဆန်ဂျနာနဲ့ အန်ဂျနာတို့ အမွှာညီအစ်မနှစ်ယောက် ကစားခဲ့တဲ့နေရာဖြစ်ကြောင်း၊

အန်ဂျနာ သေသွားပြီးတဲ့နောက်မှာပဲ ဒီအိမ်ခန်းကို သော့ခတ်ထားလိုက်တာဖြစ်ကြောင်း မန်ဂလားက ပြောပါတယ်။

ကဘီးလဲ အိမ်ခန်းကို သော့ဖွင့်လိုက်ဖို့ မန်ဂလားကို ပြောလိုက်ပြီး အိမ်ခန်းကြီးထဲကို ဝင်ကြည့်ခဲ့လိုက်ပါတယ်။

အိမ်ခန်းကြီးက ဟောင်းနွမ်းညစ်ပတ်နေပြီး ခေါင်မိုးမှာလဲ သစ်ကိုင်းကျိုးကျထားတာကြောင့် အပေါက်ကြီးတစ်ခုရှိနေပါတယ်။

အခန်းထဲမှာတော့ ဆန်ဂျနာနဲ့ အန်ဂျနာတို့ ငယ်ငယ်တုန်းက ကစားခဲ့တဲ့အရုပ်တွေ၊ ဓာတ်ပုံတွေနဲ့ ရှုပ်ပွနေခဲ့တာပါ။

ကဘီးက ထိုင်ခုံအရုပ်လေးပေါ်မှာ ထိုင်နေတဲ့ ဘာဘီရုပ်လေးတစ်ခုကို ကိုင်ကြည့်လိုက်ပြီး ဖြစ်သလိုပဲ ပြန်ထားခဲ့လိုက်ပါတယ်။

အဲ့ဒီနောက် အခန်းထဲကနေ သံပတ်အရုပ်လေးရဲ့ သီချင်းသံကို ရုတ်တရက်ကြားလိုက်ရတာကြောင့် ကဘီးလဲ လိုက်ရှာကြည့်ခဲ့ပေမဲ့ ဘာမှမတွေ့ခဲ့ရပါဘူး။

အခန်းထဲကို ကြည့်ပြီးသွားတော့ ကဘီးလဲ အခန်းထဲက ထွက်သွားလိုက်ပြီး တံခါးကို ပြန်ပိတ်လိုက်ပါတယ်။

ထူးဆန်းတာကတော့ ကဘီး ဖြစ်သလို ချထားခဲ့တဲ့ ဘာဘီရုပ်လေးက ထိုင်ခုံပေါ်မှာ ထိုင်လျက်အနေအထားနဲ့ ပြန်ရောက်နေပါတယ်။

ညရောက်တဲ့အခါမှာတော့ ဆန်ဂျနာက အိပ်ရာဝင်ခါနီး မျက်နှာသစ်ဖို့ လုပ်နေချိန် စတိုစင်ပေါ်က မှန်မှာ သူတို့ညီအစ်မနှစ်ယောက် ငယ်ငယ်က ဆွဲခဲ့ဖူးတဲ့ သင်္ကေတတစ်ခုက ဘယ်ကမှန်းမသိ ပေါ်လာပါတယ်။

ဆန်ဂျနာလဲ လန့်သွားပြီး အဲ့ဒီသင်္ကေတကြီးကို လက်နဲ့ပွတ်ပြီး ဖျက်လိုက်ကာ အိပ်ခန်းထဲက သူ့ယောကျာ်းရှိရာဆီကို ပြေးဝင်လာခဲ့ပါတယ်။


ညသန်းခေါင်ယံအချိန် ရောက်လာတော့ အိပ်ပျော်နေတဲ့ ဆန်ဂျနာတစ်ယောက် ရယ်အသံတစ်ခုကြောင့် ရုတ်တရက်နိုးလာခဲ့ပြီး ထထိုင်လိုက်ပါတယ်။

ရယ်သံကြီးကို နောက်တစ်ခါ ပီပီသသ ထပ်ကြားလိုက်ရတာကြောင့် ဆန်ဂျနာလဲ အိပ်ယာပေါ်က ဆင်းလာခဲ့ပြီး အိမ်ထဲကို လိုက်ရှာကြည့်ပါတယ်။

အဲ့ဒီချိန်မှာပဲ ရယ်သံကြီးကို အနီးကပ်တစ်ကြိမ်ထပ်ကြားလိုက်ရတာကြောင့် ဆန်ဂျနာက ဓာတ်မီးကိုဖွင့်လိုက်ကာ ဘယ်သူလဲလို့ မေးလိုက်ပြီး အသံကြားရာဘက်ကို သွားကြည့်ဖို့ လုပ်ပါတယ်။

ဒါပေမဲ့ ဆန်ဂျနာက သူ့အင်္ကျီကို အနောက်ကနေ တစ်စုံတစ်ရာက ဆွဲထားလိုက်ပြီဖြစ်ကြောင်း သိရတဲ့အခါမှာတော့ အနောက်ကို လှည့်ကြည့်လိုက်ချိန်မှာပဲ တံခါးလက်ကိုင်နဲ့ အင်္ကျီက သွားချိတ်မိနေခဲ့ပါတယ်။

ဆန်ဂျနာလဲ ညှိနေတဲ့ အင်္ကျီကို ဖြုတ်နေချိန်မှာပဲ အနောက်ကနေ ကဘီးက ရုတ်တရက်ကြီးရောက်လာတာကြောင့် ပိုလန့်သွားခဲ့ရပါတယ်။

ကဘီးက ည ၂ နာရီကြီးမှာ ဘာထလုပ်နေတာလဲလို့ သူ့မိန်းမကို မေးလိုက်ပြီး အိပ်ယာပြန်ဝင်ဖို့ ပြောပါတယ်။

ဆန်ဂျနာကတော့ အိမ်ထဲကနေ အသံတွေကြားနေရတာကြောင့် ထလာခဲ့တာဖြစ်ကြောင်း ကဘီးကို ပြောပြပါတယ်။

ကဘီးလဲ သူ့မိန်းမကို ထင်ယောင်ထင်မှားဖြစ်နေတယ်မှတ်ပြီး အိပ်ယာပြန်ဝင်ဖို့ မိန်းမဖြစ်သူကို နားချနေချိန်မှာပဲ ဆေးရုံက ဖုန်းဆက်လာပြီး ဆန်ဂျနာ့အမေကို အရေးပေါ် ခွဲစိတ်မှုလုပ်ရမှာဖြစ်လို့ အမြန်လာခဲ့ဖို့ ပြောလိုက်ပါတယ်။

ဆေးရုံမှာတော့ လင်မယားနှစ်ယောက် ခွဲစိတ်ခန်း အရှေ့မှာ ထိုင်စောင့်နေချိန် ကဘီးရဲ့ အလုပ်က ဖုန်းဝင်လာပါတယ်။

ကဘီးရဲ့ အလုပ်က မိတ်ဆွေတစ်ယောက်ကလဲ သူ့အမေနေမကောင်းလို့ အလုပ်ကို ခွင့်ယူရမှာဖြစ်လို့ အကြောင်းကြားတာဖြစ်ပြီး ကဘီးကလဲ အမေတွေက ဘာလို့ တိုက်တိုက်ဆိုင်ဆိုင် နေမကောင်းလာ ဖြစ်နေမှန်းမသိဘူးလို့ ပြောလိုက်တာကို အနောက်က ရောက်လာတဲ့ ဆန်ဂျနာက ကြားသွားခဲ့ပါတယ်။

ဆန်ဂျနာလဲ အစကတည်းကမှ ယောကျ်ားဖြစ်သူက အလုပ်ကို ဦးစားပေးတာကြောင့် အလိုမကျဖြစ်ခဲ့ရတာမို့ အခုလိုစကားကို ကြားလိုက်ရတော့ ပိုပြီးစိတ်ထိခိုက်သွားခဲ့ပါတယ်။

ဆန်ဂျနာလဲ သူ့အမေကိစ္စကို သူတစ်ယောက်ထဲပဲ ဖြေရှင်းနိုင်တာမို့ အလုပ်ကိုသွားချင်ရင် သွားပါလို့ ကဘီးကို ပြောလိုက်ပါတယ်။

ကဘီးက ဆန်ဂျနာ့အမေ နေကောင်းမလာမချင်း ဘယ်မှမသွားဘူးလို့ ဆုံးဖြတ်ထားတာကြောင့် သူ့ကို အဲ့လိုစကားမျိုး လာမပြောဖို့ ဆန်ဂျနာ့ကို ပြန်ပြောရင်း လင်မယားနှစ်ယောက် အငြင်းပွား အချင်းများ နေခဲ့ပါတယ်။

ခဏကြာတော့ ဆရာဝန်ကြီးရောက်လာပြီး ခွဲစိတ်မှု အောင်မြင်သွားပေမဲ့ လူနာကို အခုချက်ချင်းတော့ တွေ့လို့မရသေးဘူးလို့ ပြောလိုက်ပါတယ်။

ကဘီးလဲ ဆေးရုံက ကောင်တာမှာ လက်မှတ်သွားထိုးနေတုန်း အရင်က မိတ်ဆွေဟောင်းကြီးဖြစ်တဲ့ ဆရာဝန် ကော့တ်ရမ်နဲ့ သွားဆုံပါတယ်။

ကဘီးက ကော့တ်ရမ်ကို မတွေ့ရတာကြာပြီဖြစ်လို့ ဝမ်းသာအားရ နှုတ်ဆက်လိုက်ပြီး သူ့ယောက္ခမ နေမကောင်းလို့ ဆေးရုံတင်နေရကြောင်း ပြောပြလိုက်ပါတယ်။

ကော့တ်ရမ်ကလဲ ဒီဆေးရုံက အရမ်းကောင်းတာကြောင့် စိတ်မပူဖို့ ပြောလိုက်ပြီး တစ်ခုခုလိုအပ်ရင်လဲ သူ့ကို အကြောင်းကြားဖို့ ကဘီးကို ပြောပါတယ်။

နောက်ပြီး ကော့တ်ရမ်က သူ့လိပ်စာကဒ်ကိုလဲ ကဘီးကို ပေးခဲ့လိုက်ပါတယ်။

တစ်ဖက်မှာတော့ ဆန်ဂျနာက ခွဲစိတ်ခန်းဝင်ထားတဲ့ သူ့အမေ အခန်းအပြင်ဘက် မှန်ပြတင်းဝကနေ ရပ်ကြည့်နေပါတယ်။

အဲ့ဒီချိန်မှာပဲ ဘေးကပ်ရပ်ကနေ ခပ်ပြင်းပြင်း အသက်ရှူထုတ်နေတဲ့အသံကြီးကို ကြားလိုက်ရပြီး မှန်မှာလဲ အသက်ရှူထုတ်လိုက်တဲ့ အငွေ့တွေကို တွေ့လိုက်တာကြောင့် ဆန်ဂျနာတစ်ယောက် လန့်ပြီး ထွက်ပြေးလာခဲ့ရပါတယ်။

ကဘီးက ဆေးရုံအောက်မှာ စောင့်နေတာကြောင့် ဆန်ဂျနာလဲ အောက်ထပ်ကို ဆင်းဖို့ ဓာတ်လှေကားထဲကို ဝင်ခဲ့လိုက်ပြီး တံခါးပိတ်လိုက်တဲ့အချိန်မှာတော့ ဘေးကနေ သူ့ပုခုံးပေါ်ကို သရဲမကြီးက လာမှီနေတာကို ဓာတ်လှေကားတံခါးကနေတစ်ဆင့် မြင်လိုက်ရပါတယ်။

ဆန်ဂျနာတစ်ယောက် အရမ်းကို ထိတ်လန့်နေပြီး မျက်လုံးတွေကို မှိတ်ချထားလိုက်ကာ ဓာတ်လှေကားအပြင်ကို ရောက်မှ ကြောက်ကြောက်လန့်လန့်နဲ့ ကဘီးကို ပြေးဖက်ထားလိုက်ပါတော့တယ်။

ခဏကြာတော့ လင်မယားနှစ်ယောက်လဲ အိမ်ကို ပြန်ခဲ့ရင်း ဆန်ဂျနာက သူကြုံခဲ့ရတာတွေကို ယောကျာ်းဖြစ်သူ သိအောင်ပြောပြနေပါတယ်။

ဆန်ဂျနာက သူ့ညီမ အန်ဂျနာရဲ့ ဝိဉာဉ် သူ့အနားမှာ ရှိနေတယ်လို့ ခံစားရကြောင်း ကဘီးကို ပြောတော့ ကဘီးကလဲ သူတို့နှစ်ယောက်လုံးက ခေတ်ပညာတတ်တွေဖြစ်တာကြောင့် မဟုတ်တာတွေ လျှောက်မပြောပါနဲ့လို့ ဆန်ဂျနာ့ကို ပြောလိုက်ပါတယ်။

အိမ်ပြန်ရောက်တဲ့အခါမှာတော့ ကဘီးက အိမ်အခန်းအဟောင်းကြီးရဲ့ ပေါက်သွားတဲ့ ခေါင်မိုးကို ပြင်ဖို့ လုပ်ပါတယ်။

ညရောက်တဲ့အခါမှာတော့ ဆန်ဂျနာက သူ့ခွေးလေး လီယို ပျောက်လို့ လိုက်ရှာနေပါတယ်။

ခွေးလေးက အိမ်ထဲမှာလဲ ရှိမနေတာကြောင့် ဆန်ဂျနာတစ်ယောက် အိမ်ခန်းအဟောင်းကြီးဘက်ကို တစ်ချက် သွားကြည့်ခဲ့ပါတယ်။

အဲ့ဒီအချိန်မှာပဲ သူတို့နေတဲ့ အိမ်ဘက်ကနေ ကလေးရယ်သံလိုမျိုး ကြားလိုက်ရတာကြောင့် ဆန်ဂျနာလဲ အိမ်ထဲကို ဝင်ကြည့်လိုက်တဲ့အချိန်မှာတော့ သူနဲ့ သူ့ညီမ ဆော့ခဲ့ဖူးတဲ့ ထွေပစ်တမ်း ကစားကွက်ကြီးကို ကြမ်းပြင်ပေါ်မှာ ဆွဲထားတာ တွေ့လိုက်ရပါတယ်။


ဆန်ဂျနာက ကြမ်းပြင်ပေါ်က ကစားကွက်ကြီးနားကို ဖြည်းဖြည်းချင်း လျှောက်လာခဲ့လိုက်ပြီး ထူးထူးဆန်းဆန်းနဲ့ ရပ်ကြည့်နေတုန်း ဘယ်ကပစ်လိုက်မှန်းမသိတဲ့ ဒိုးပြားတစ်ခုက ဆန်ဂျနာ့ခြေထောက်ကို လာမှန်ပါတယ်။

ဆန်ဂျနာလဲ ကြောက်ကြောက်လန့်လန့်နဲ့ အိမ်ထဲကို အမြန်ပြေးဝင်သွားခဲ့ပြီး တံခါးပေါက်နားကနေ ရပ်ကြည့်နေတုန်း ဆန်ဂျနာ့အနောက်ကနေ သရဲမက ဝုန်းကနဲ ကိုယ်ထင်လာပြသွားတာကြောင့် ဆန်ဂျနာတစ်ယောက် ကြမ်းပြင်ပေါ်ကို ပစ်လဲကျသွားကာ သတိပါ လစ်သွားခဲ့ရပါတယ်။

ဆန်ဂျနာ သတိပြန်ရလာတဲ့အချိန်မှာတော့ သူတို့အခန်းထဲက အိပ်ယာပေါ်ကို ပြန်ရောက်နေခဲ့ပြီး အခန်းထောင့်ကနေ ရပ်ကြည့်နေတဲ့ ယောကျာ်းဖြစ်သူကို တွေ့လိုက်ရပါတယ်။

ဆန်ဂျနာက သူကြုံခဲ့ရတာတွေကို အလန့်တကြားနဲ့ ကဘီးသိအောင် ပြောပြနေတုန်းမှာပဲ ကဘီးရဲ့စကားကြောင့် ဆန်ဂျနာ သွေးပျက်သွားခဲ့ရပါတယ်။

အကြောင်းကတော့ ဆန်ဂျနာ ဗိုက်ထဲမှာ ရှိနေတဲ့ ရင်သွေးလေး ပျက်ကျသွားခဲ့ရတာပါ။

ကဘီးကလဲ ကိုယ်ဝန်ရှိနေတဲ့ ကိစ္စကို အစောကတည်းက သူ့ကို အသိပေးမထားတဲ့ ဆန်ဂျနာ့ကို အပြစ်ဆိုနေခဲ့ပါတယ်။

ဆန်ဂျနာကတော့ သူဗိုက်ထဲက ကလေးက သူတို့ညီမနှစ်ယောက်တုန်းကလို အမွှာလေးဖြစ်မှာကို ကြောက်နေခဲ့တာကြောင့် ကဘီးကို မပြောပြသေးတာဖြစ်ပြီး အချိန်တစ်ခုရောက်မှသာ ကဘီးကို စပရိုက်အနေနဲ့ ပြောပြဖို့ စီစဉ်ထားတာပါ။

ကဘီးက ကလေးကို ဆုံးရှုံးလိုက်ရတဲ့စိတ်နဲ့ သူ့မိန်းမရဲ့ ဖြေရှင်းချက်တွေကို လက်မခံနိုင်ဘဲ ဆန်ဂျနာ့ကို တော်တော်စိတ်ဆိုးနေခဲ့တာပါ။

နောက်တော့ ကဘီးတစ်ယောက် ဒေါသစိတ်တွေ ထိန်းမရတော့ဘဲ တံခါးပေါက် လက်သီးနဲ့ပစ်ထိုးလိုက်ပြီး အပြင်ကို ထွက်သွားခဲ့ပါတယ်။

ခဏကြာတော့ မန်ဂလာ ရောက်လာပြီး သူ့အမေပြောခဲ့ဖူးတဲ့အတိုင်း ညအိပ်တဲ့အခါ ခေါင်းအုံးအောက်မှာ ဓားဆောင်ထားပြီးအိပ်ရင် မကောင်းဆိုးဝါးတွေ လာနှောင့်ယှက်နိုင်မှာမဟုတ်ဘူးလို့ ဆန်ဂျနာ့ကို ပြောပြပါတယ်။

အဲ့ဒီနောက် မန်ဂလာက သူယူလာတဲ့ ဓားတစ်ချောင်းကို ဆန်ဂျနာ့လက်ထဲ ထည့်ပေးလိုက်ပါတော့တယ်။

သန်းခေါင်ယံအချိန်မှာတော့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတဲ့ ဆန်ဂျနာတစ်ယောက် အကြောင်းမရှိဘဲ ရုတ်တရက် နိုးလာခဲ့ပြန်ပါတယ်။

ဘေးမှာ အိပ်ပျော်နေတဲ့ သူ့ယောကျာ်းကို လှည့်ကြည့်လိုက်ချိန်မှာတော့ ကုတင်ပေါ်မှာ ရှိနေတာ ကဘီးမဟုတ်ဘဲ သူ့ညီမ သရဲမကြီး ရောက်နေတာကို တွေ့လိုက်ရပါတယ်။

ဆန်ဂျနာလဲ ကြောက်စိတ်က ငယ်ထိပ်ရောက်သွားပြီး ငယ်သံပါအောင် အော်ချလိုက်ကာ ခေါင်းအုံးအောက်က ဓားကို ဆွဲယူလိုက်ပြီး သရဲမကို ဓားနဲ့လှီးချလိုက်ပါတယ်။

ဒါပေမဲ့ သရဲမက မရှိတော့ဘဲ အိပ်ပျော်နေတဲ့ ကဘီးရဲ့လက်ကိုသာ ဓားနဲ့လှီးမိသွားပါတယ်။

ကဘီးလဲ လန့်နိုးလာခဲ့ပြီး သူ့လက်ကို ဓားနဲ့လှီးခဲ့တဲ့ ဆန်ဂျနာ့ကို ဆူငေါက်နေခဲ့တာပါ။

ကဘီးက ဆန်ဂျနာ့ကို ရူးများသွားပြီလားလို့ ပြောလိုက်ပြီး ဆန်ဂျနာကတော့ သူထင်ယောင်ထင်မှားဖြစ်နေတာတွေကြောင့် သူ့ယောကျာ်းကိုပါ ထိခိုက်သွားလို့ ဝမ်းနည်းပြီး ထိုင်ငိုနေပါတော့တယ်။

အဲ့အခါကျမှ ကဘီးလဲ မိန်းမဖြစ်သူကို သနားသွားပြီး နဖူးလေးကို နမ်းလိုက်ကာ နှစ်သိမ့်ပေးလိုက်ပါတယ်။

မနက်မှာတော့ ကဘီးက သူ့မိန်းမကို ဆရာဝန် ကော့တ်ရမ်ဆီ ခေါ်သွားပါတယ်။

ကော့တ်ရမ်က ဆန်ဂျနာ ခံစားနေရတာတွေကို သိရဖို့အတွက် ဆန်ဂျနာ ငယ်ငယ်တုန်းက သူ့ညီမနဲ့ပတ်သက်ပြီး ဖြစ်ပျက်ခဲ့တဲ့ အကြောင်းတွေကို မေးပါတယ်။

ဆန်ဂျနာလဲ သူနဲ့သူ့ညီအစ်မ အန်ဂျနာက ဝမ်းချင်းဆက်အမွှာတွေဖြစ်တာကြောင့် ငယ်ငယ်ကတည်းက ညီအစ်မနှစ်ယောက် အတူတူဖြတ်သန်းခဲ့ကြတာဖြစ်ပြီး သူတို့နှစ်ယောက် ဘယ်တော့မှ မခွဲတော့ဘူးလို့ ကလေးအတွေးနဲ့ပဲ ကတိတွေ ပေးခဲ့ကြတာဖြစ်ပါတယ်။

နှစ်ယောက်သား ဆော့လဲအတူတူ၊ စားလဲအတူတူ၊ ဆေးသောက်ရလဲအတူတူပဲ ဖြစ်တာကြောင့် ညီအစ်မနှစ်ယောက် အရမ်းကို ချစ်ခဲ့ကြကြောင်း ဆန်ဂျနာက ကော့တ်ရမ်ကို ပြောပါတယ်။

ကော့တ်ရမ်က အဲ့လိုဆိုရင် ညီအစ်မနှစ်ယောက် ဘာလို့ ခွဲခဲ့ရတာလဲဆိုတဲ့အကြောင်းကိုပါ ထပ်မေးလိုက်တော့ ဆန်ဂျနာလဲ မျက်နှာပျက်သွားပြီး ဘာမှ ပြန်မဖြေနိုင်ခဲ့ပါဘူး။

ကော့တ်ရမ်က သူ့မေးခွန်းတွေကို ရပ်လိုက်ပြီး ကျန်တာတွေကို နောက်တစ်ရက်မှ ထပ်ဆွေးနွေးကြမယ်လို့ ပြောလိုက်ပါတော့တယ်။

အဲ့ဒီနောက်တော့ အပြင်မှာ ရပ်စောင့်နေတဲ့ ကဘီးဆီကို ကော့တ်ရမ်ရောက်လာခဲ့ပြီး ဆန်ဂျနာ့ကို သေသေချာချာ စောင့်ရှောက်သင့်ကြောင်း၊

ဆန်ဂျနာက သူ့ညီမ သေဆုံးခဲ့တဲ့ကိစ္စနဲ့ အမေဖြစ်သူရဲ့ ကျန်းမာရေးအခြေအနေတွေကြောင့် စိတ်ကယောင်ခြောက်ခြားတွေ ဖြစ်တတ်ကြောင်းတွေကို ပြောပြလိုက်ပါတယ်။

ဒါပေမဲ့ တစ်ခါတစ်လေတော့ ဆန်ဂျနာပြောတဲ့ စကားတွေကို ယုံကြည်ပေးပါလို့ ကော့တ်ရမ်က ပြောလိုက်ပါတယ်။

ကော့တ်ရမ်က ဆန်ဂျနာ့ရဲ့ ကျန်းမာရေး အခြေအနေပိုကောင်းလာအောင် အိမ်နဲ့ဝေးပြီး လေကောင်းလေသန့်ရတဲ့ သဘာဝပတ်ဝန်းကျင်တွေဆီ ခေါ်သွားဖို့ကိုလဲ ကဘီးကို မှာလိုက်ပါတယ်။

အဲ့ဒီနောက်မှာတော့ ကဘီးလဲ သူ့မိန်းမကို စိမ်းလန်းစိုပြေတဲ့နေရာတွေ ခေါ်သွားပြီး သဘာဝနဲ့ ထိတွေ့ပေးလိုက်ပါတယ်။

ဆန်ဂျနာနဲ့ ကဘီးတို့နှစ်ယောက် ပျော်ရွှင်စရာအချိန်တွေကို ဖန်တီးကြပြီး စိတ်လွတ်ကိုယ်လွတ် ပေါ့ပေါ့ပါးပဲ ဖြတ်သန်းခဲ့ကြပါတယ်။

ကမ်းခြေတွေလဲ သွားခဲ့ကြပြီး လင်မယားနှစ်ယောက် အမှတ်တရဖြစ်မဲ့ အရာလေးတွေကို ကဘီးက စီစဉ်ထားခဲ့တာဖြစ်ပါတယ်။


ဒါပေမဲ့ ဆန်ဂျနာကတော့ ကမ်းခြေရောက်နေခဲ့တာတောင် သူတစ်ယောက်ထဲ လမ်းလျှောက်လာရင်း သဲသောင်ပြင်ပေါ်မှာ သရဲမခြေရာတွေကိုပါ တွေ့လိုက်ရတာကြောင့် ထွက်ပြေးခဲ့ရပါသေးတယ်။

အိမ်ပြန်ရောက်တဲ့အချိန်မှာတော့ လင်မယားနှစ်ယောက် ညဘက် အနားယူနေတုန်း အိပ်မပျော်နိုင်သေးတဲ့ ဆန်ဂျနာက မျက်နှာကျက်မှာ လည်နေတဲ့ ပန်ကာနဲ့တူတူ ပုပ်ပွနေတဲ့ ခြေထောက်ကြီးပါ လိုက်လည်နေတာကို ခံစားလိုက်မိပြီး လှည့်ကြည့်လိုက်တဲ့အခါမှာတော့ ဘာမှ ရှိမနေခဲ့ပါဘူး။

အဲ့ဒီအချိန်မှာပဲ လက်ကြီးတစ်ဖက်က ဝုန်းဆို ပေါ်လာပြီး ဆန်ဂျနာရဲ့ ခေါင်းကို လှမ်းကိုင်လိုက်တာကြောင့် ဆန်ဂျနာလဲ အလန့်တကြားနဲ့ ထအော်လိုက်ပါတယ်။

အိပ်ပျော်နေတဲ့ ကဘီးလဲ ဆန်ဂျနာရဲ့အော်သံကြောင့် နိုးလာခဲ့ရပြီး သရဲခြောက်ခံလိုက်ရတဲ့ သူ့မိန်းမကို ဖက်ထားလိုက်ပါတော့တယ်။

နောက်တစ်ရက်မှာတော့ ကဘီးက ကော့တ်ရမ်နဲ့ ထပ်သွားတွေ့ခဲ့ပြီး သူ့မိန်းမအခြေအနေ ဘာမှထူးမလာကြောင်း ပြောပြလိုက်ပါတယ်။

ကော့တ်ရမ်ကလဲ ဆန်ဂျနာနဲ့ အန်ဂျနာတို့ အမွှာညီအစ်မနှစ်ယောက်က ခန္ဓာကိုယ်ချင်း ဆက်ခဲ့တာတင်မကဘဲ စိတ်ဝိဉာဉ်ချင်းကပါ ဆက်နေနိုင်တယ်လို့ ကဘီးကို ပြောပါတယ်။

အဲ့တာကြောင့် ဒီအိမ်မှာဆက်နေရင် ဆန်ဂျနာတစ်ယောက် အခြေအနေပိုဆိုးလာနိုင်တာကြောင့် ဆန်ဂျနာ့အမေကို မွန်ဘိုင်းက ဆေးရုံမှာ ပြောင်းကုလို့ရ၊ မရ စုံစမ်းခိုင်းပြီး မွန်ဘိုင်းကိုသာ ပြန်ဖို့ ကော့တ်ရမ်က အကြံပေးလိုက်ပါတယ်။

ဆန်ဂျနာတို့အိမ်မှာတော့ အိမ်ခန်းဟောင်းကြီးရဲ့ ပေါက်သွားတဲ့ ခေါင်မိုးပြင်ပြီးသွားပြီဖြစ်လို့ ဆန်ဂျနာက အဲ့ဒီခန်းကို သော့သေချာ ခတ်ထားဖို့ မန်ဂလာကို ပြောလိုက်ပါတယ်။

ကဘီးကလဲ ကော့တ်ရမ်အကြံပေးတဲ့အတိုင်း ဆန်ဂျနာ့အမေကို မွန်ဘိုင်းမှာ ပြောင်းကုလို့ရ၊ မရ ဆရာဝန်နဲ့တိုင်ပင်ကြည့်ပေမဲ့ ဆရာဝန်ကတော့ လူနာက ခရီးသွားလို့ရတဲ့ အခြေအနေမဟုတ်တာကြောင့် မွန်ဘိုင်းထိ ခေါ်သွားဖို့ကို လက်မခံခဲ့ပါဘူး။

အိမ်မှာတော့ ဆန်ဂျနာက တစ်ယောက်ထဲပဲ အရင်အိပ်ဖို့ လုပ်လိုက်ပြီး အိပ်ယာပေါ်မှာ လှဲနေခဲ့ပါတယ်။

ခဏကြာတော့ အိပ်ယာဘေးကနေ စိတ်ဆိုးမာန်ဆိုးနဲ့ အသက်ရှူသံ ပြင်းပြင်းကြီးကို ကြားလိုက်ရတာကြောင့် ဆန်ဂျနာလဲ ကြက်သီးတွေပါ ထလာပြီး လှည့်လိုက်ပေမဲ့ ဘာမှ ရှိမနေပါဘူး။

ပြန်အိပ်ဖို့ ကြိုးစားကြည့်ပေမဲ့ အသက်ရှူသံကြီးကို ထပ်ကြားနေရတာကြောင့် ဆန်ဂျနာတစ်ယောက် ကြောက်ကြောက်နဲ့ ထထိုင်လိုက်ပါတယ်။

အဲ့ဒီအခါမှာပဲ ခြင်ထောင်အပြင်ဘက်ကနေ လက်ကြီးတစ်စုံ ထွက်လာခဲ့ပြီး ဆန်ဂျနာ့ခေါင်းကို ဆွဲကိုင်တာ ခံလိုက်ရပါတယ်။

ဆန်ဂျနာလဲ သွေးရူးသွေးတမ်းတွေဖြစ်ပြီး ကုတင်အောက်ဆင်းပြေးလိုက်တော့ ခြင်ထောင်ကြီးနဲ့ ညှိပြီး လုံးထွေးကုန်ပါတော့တယ်။

သရဲမက လုံးထွေးနေတဲ့ ခြင်ထောင်ထဲအထိပါ ကိုယ်ထင်လာပြသွားတာကြောင့် ဆန်ဂျနာလဲ ကိစ္စက ထိပ်ဝအထိရောက်သွားပြီး မျက်လုံးအစုံကို မှိတ်ချလိုက်ကာ အခန်းနံရံထောင့်မှာ သွားကပ်နေလိုက်ပါတော့တယ်။

မနက်မိုးလင်းတဲ့အချိန်မှာတော့ ဆန်ဂျနာတစ်ယောက် ဆရာဝန် ကော့တ်ရမ်ဆီ ထပ်ရောက်လာခဲ့ပြီး ကဘီးနဲ့ သူနဲ့ စတွေ့ခဲ့တုန်းက အကြောင်းတွေ ပြောပြနေခဲ့ပါတယ်။

ဆန်ဂျနာနဲ့ အန်ဂျနာတို့ အထက်တန်းကျောင်းသူအရွယ်တုန်းက ဝမ်းချင်းဆက်အမွှာတွေဖြစ်တာကြောင့် အတန်းဖော်တွေရဲ့ လှောင်ပြောင် စနောက်တာတွေကို ခံခဲ့ရပြီး ကဘီးကတော့ ဆန်ဂျနာနဲ့ အန်ဂျနာတို့ ညီအစ်မနှစ်ယောက်လုံးကို အရမ်းချစ်ခဲ့ခင်ခဲ့တာပါ။

ကဘီးက အမွှာညီမနှစ်ယောက်အတွက် ပုံတူပန်းချီလေးတွေကိုလဲ ဆွဲပေးတတ်သူဖြစ်ပြီး အချိန်တွေကြာလာတဲ့အခါမှာတော့ ကဘီးက ဆန်ဂျနာ့အပေါ်မှာပဲ သံယောဇဉ်ပိုလာခဲ့ပါတယ်။

အဲ့တာတွေကို အန်ဂျနာက ရိပ်မိခဲ့ပြီး မကျေမနပ်ဖြစ်နေခဲ့ပါတယ်။

အန်ဂျနာ အိပ်ပျော်နေချိန်မှာလဲ ကဘီးက သူနဲ့ ဆန်ဂျနာ့ပုံထည့်ထားတဲ့ လော့ကဒ်ဆွဲကြိုးလေးကို ဆန်ဂျနာ့ကို လာဆွဲပေးခဲ့ပါတယ်။

တစ်နေ့မှာတော့ ကဘီးက သူ့မိဘတွေနဲ့ လန်ဒန်ကို သွားဖို့ အကြောင်းဖန်လာပါတယ်။

အချိန် ၂ နှစ်လောက်ကြာမှာဖြစ်တာကြောင့် ကဘီးက သူ့ကိုလေဆိပ်မှာ လာတွေ့ဖို့ ဆန်ဂျနာ့ကို ဖုန်းဆက်ပြီး ပြောပါတယ်။

ဆန်ဂျနာကလဲ လာတွေ့မယ်လို့ ပြောလိုက်ပြီး သူတို့လေဆိပ်ကို သွားဖို့ အန်ဂျနာကို ပြောပါတယ်။

ဒါပေမဲ့ မနာလိုဖြစ်နေတဲ့ အန်ဂျနာကတော့ လေဆိပ်ကို မသွားချင်ဘူးလို့ပဲ ငြင်းခဲ့ပါတယ်။

အဲ့ဒီနေ့ကစပြီး ဆန်ဂျနာက ကဘီးကို အဆက်အသွယ်လုပ်ဖို့ ခက်ခဲသွားခဲ့သလို စာတွေ၊ မေးလ်တွေလဲ မပို့နိုင်ခဲ့ပါဘူး။

အသက်အရွယ်ရလာတာနဲ့အမျှ အမွှာညီအစ်မနှစ်ယောက်က တူတူနေဖို့ ခက်ခဲလာတာကိုလဲ အမေဖြစ်သူက သတိထားမိခဲ့ပါတယ်။

အချိန်တွေလဲ ကြာခဲ့ပြီး ကဘီး လန်ဒန်ကိုသွားတာ ၁၀ နှစ်လောက်ရှိသွားခဲ့တဲ့အခါမှာတော့ ဆန်ဂျနာ့ဆီကို ကဘီးက ဖုန်းဆက်လာပါတယ်။

သူပြန်လာရတော့မှာဖြစ်လို့ အိန္ဒိယကို ပြန်ရောက်လာတဲ့အခါကျရင် သူ့ကိုလေဆိပ်မှာ လာကြိုဖို့ ကဘီးက ပြောပါတယ်။

ဆန်ဂျနာနဲ့ ကဘီးတို့ ဖုန်းပြောနေတာကို ကြည့်ပြီး အန်ဂျနာကတော့ မနာလိုစိတ်တွေ ဖြစ်နေခဲ့တာပါ။

ဆန်ဂျနာက ဒီတစ်ခါတော့ သူသေချာပေါက် လာကြိုမှာပါလို့ ကဘီးကို ကတိပေးလိုက်ပြီး လေဆိပ်ကို သွားဖို့ အန်ဂျနာကို ပြောပါတယ်။

ဒါပေမဲ့ အန်ဂျနာကတော့ အရင်လိုပဲ ဘာမှမပြောင်းလဲဘဲ မသွားချင်ဘူးလို့ပဲ ငြင်းနေခဲ့တာကြောင့် ဆန်ဂျနာက ကဘီးနဲ့ တွေ့ဖို့ဆိုရင် အန်ဂျနာနဲ့ ခွဲရမယ်ဆိုရင်လဲ ခွဲမယ်လို့ ပြောလိုက်ပါတယ်။


အဲ့ဒီနောက် အမွှာညီအစ်မနှစ်ယောက် ခွဲစိတ်မှုလုပ်ခဲ့ပြီး အန်ဂျနာကတော့ ကံမကောင်းစွာနဲ့ အသက်မရှင်နိုင်ခဲ့ပါဘူး။

ဆန်ဂျနာလဲ အကြောင်းစုံကို ကော့တ်ရမ်ကို ပြောပြပြီး သူ့ကိုယ်သူ အပြစ်မကင်းဘူးလို့ ခံစားရတာကြောင့် ဝမ်းနည်းပြီး မျက်ရည်တွေ ကျလာပါတော့တယ်။

ကော့တ်ရမ်ကတော့ ဒီကိစ္စက ဆန်ဂျနာရဲ့ အပြစ်မဟုတ်ကြောင်း ရှင်းပြပြီး နှစ်သိမ့်ပေးနေပါတယ်။

ဆန်ဂျနာက သူ့ညီမ အန်ဂျနာရဲ့ ဝိညာဉ်ဟာ သူ့နောက်ကို လိုက်ပြီး ဂလဲ့စားချေနေသလို ခံစားမိနေကြောင်း ကော့တ်ရမ်ကို ပြောပါတယ်။

ကော့တ်ရမ်ကလဲ ဆန်ဂျနာရဲ့ စိတ်ကခြောက်ခြားနေတာကြောင့် ကိုယ့်ကိုယ်ကို အပြစ်မရှိဘူးလို့ သဘောထားလိုက်ရင် အဲ့ဒီဝိညာဉ်ကို မြင်ရတော့မှာ မဟုတ်ဘူးလို့ ဆန်ဂျနာကို အကြံပေးလိုက်ပါတယ်။


တစ်ညမှာတော့ ဆန်ဂျနာ အိပ်ပျော်နေရင်း ရေဆာလို့ နိုးလာခဲ့ပြီး အိမ်အောက်ထပ်ကို ရေဘူးသွားထည့်ပါတယ်။

ဆန်ဂျနာလဲ ရေထည့်ပြီး အိမ်ပေါ်ကို ပြန်တက်ဖို့လုပ် မီးပိတ်လိုက်ချိန်မှာတော့ မလှမ်းမကမ်းမှာ အရိပ်မဲကြီးတစ်ခု ရပ်နေတာကို မြင်လိုက်ရပါတယ်။

အရိပ်ကြီးက မီးဖွင့်လိုက်တော့ ပြန်ပျောက်သွားပြီး မီးပိတ်လိုက်ရင် ပေါ်ပေါ်လာတာပါ။

ဆန်ဂျနာက အထူးတဆန်းဖြစ်နေပြီး မီးကိုဖွင့်လိုက် ပိတ်လိုက်လုပ်နေတုန်းမှာပဲ အရိပ်ကြီးက သူ့အနားကို ဘွားကနဲ ရောက်လာခဲ့ပါတယ်။

လန့်သွားတဲ့ ဆန်ဂျနာလဲ မီးပြန်ပိတ်ပြီး အိမ်ပေါ်ကို ပြန်တက်ဖို့လုပ်မှာ ခြံထဲကနေ ဒုန်းဆိုတဲ့အသံ ကြားလိုက်ရတာကြောင့် အပြင်ကို ထွက်လာကြည့်ပါတယ်။

အဲ့ဒီအသံကတော့ အိမ်ခန်းဟောင်းကြီးရဲ့ တံခါးပေါက်ကြီးက သူ့အလိုလို ပိတ်လိုက် ဖွင့်လိုက်ဖြစ်နေတာကနေ ထွက်လာတဲ့အသံပဲ ဖြစ်ပါတယ်။

ဆန်ဂျနာက အရမ်းကြောက်နေခဲ့ပေမဲ့လဲ တံခါးပေါက်နားကို တိုးလာခဲ့ပြီး အခန်းထဲက အရာကို လှမ်းကြည့်ဖို့ လုပ်ပါတယ်။

ဒီတစ်ခါမှာတော့ ဆန်ဂျနာ့ကို တစ်စုံတစ်ခုက တရွတ်တိုက် ဆွဲခေါ်သွားတာဖြစ်ပြီး ဆန်ဂျနာလဲ ရုန်းပေမဲ့ ဘယ်လိုမှ မလွတ်နိုင်တော့ပဲ ကဘီးကို အော်ခေါ်လိုက်ရင်း အိမ်ခန်းဟောင်းကြီးထဲကို ရောက်သွားခဲ့ရပါတော့တယ်။

ကဘီးက သူ့မိန်းမရဲ့အော်သံ ကြားလိုက်တာကြောင့် အိပ်ယာက နိုးလာခဲ့ပြီး သူ့မိန်းမကို လိုက်ရှာပါတယ်။

အိမ်ခန်းဟောင်းကြီးရဲ့တံခါး ဖွင့်နေတာကို မြင်လိုက်ရတဲ့ ကဘီးလဲ အခန်းထဲကို ဝင်လာခဲ့ပြီး ထောင့်တစ်နေရာမှာ လဲကျနေတဲ့ ဆန်ဂျနာ့ရဲ့လက်ကို တွေ့လိုက်ရပါတယ်။

နံရံကိုမှီပြီး ထိုင်လျက်သား သတိလစ်နေတဲ့ ဆန်ဂျနာ့ကို နှိုးလိုက်ပြီး ညကြီးမင်းကြီး ဒီကို ဘယ်လိုရောက်နေတာလဲလို့ မေးပါတယ်။

ဆန်ဂျနာကလဲ ဘာတွေဖြစ်သွားမှန်း ပြန်မပြောတတ်တော့တာကြောင့် ကဘီးကို ဖက်ထားရင်း ရှိုက်ကြီးတငင်နဲ့ အော်ငိုလိုက်ပါတယ်။

ကဘီးက စိတ်အေးအေးထားဖို့ ပြောနေတုန်းမှာပဲ ဆန်ဂျနာ့ရဲ့မျက်လုံးတွေက မျက်ဖြူကြီး လန်သွားခဲ့ပြီး မကျွတ်မလွတ်သေးတဲ့ သူ့ညီမရဲ့ ဝိညာဉ် ပူးကပ်တာကို ခံလိုက်ရပါတော့တယ်။


နောက်တစ်ရက် မနက်ခင်းမှာတော့ အိမ်ခန်းဟောင်းကြီးရဲ့ သော့ခလောက်က အောက်ကို ပြုတ်ကျနေပြီး တံခါးပွင့်နေတာကို မြင်လိုက်တာကြောင့် အဖွားမန်ဂလားလဲ သော့ကို သေချာပြန်ခတ်လိုက်ပါတယ်။

ကဘီးတစ်ယောက် အိပ်ယာပေါ်မှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတုန်း လက်နှစ်ဖက်ကို ကုတင်မှာ ကြိုးနဲ့ဆွဲတုပ်တာ ခံလိုက်ရပြီး လန့်နိုးလာခဲ့ပါတယ်။

ကဘီးရဲ့ ခန္ဓာကိုယ်ပေါ်မှာတော့ ဆန်ဂျနာက တက်ထိုင်နေတာဖြစ်ပြီး ဘာမှ ပြောမနေဘဲ ရုတ်တရက်ကြီး ကောက်နမ်းလိုက်ပါတယ်။

အဲ့ဒီနောက်တော့ သရဲမဝင်ပူးတာ ခံလိုက်ရတဲ့ ဆန်ဂျနာနဲ့ ခင်ပွန်းဖြစ်သူ ကဘီးတို့လဲ မနက်ခင်းမှာ အနည်းငယ် ပွတ်တိုက်မှု ဖြစ်ပွားသွားခဲ့ပြီး အာရုံဦးကို အစပြုလိုက်ပါတယ်။

သရဲမကတော့ မျက်ဖြူကြီးလန်ပြီး အရမ်းကို ကျေနပ်နေတဲ့ပုံပါ။

မနက်စာစားတဲ့အချိန်မှာလဲ ဆန်ဂျနာက သူ့ယောကျာ်းကို အခုမှ မြင်ဖူးတဲ့ပုံစံနဲ့ စိုက်ကြည့်နေပြီး ကဘီးအပေါ် အရင်လိုမဟုတ်ဘဲ အချစ်တွေ ပိုနေခဲ့ပါတယ်။

နောက်မှာတော့ ဆန်ဂျနာရဲ့အပြုအမူတွေက အရင်ကနဲ့မတူတော့ဘဲ အရမ်းကို တည်ငြိမ်သွားပြီး ပြောင်းလဲနေခဲ့ပါတယ်။

အိမ်ခန်းထဲမှာ ကိုးကွယ်ထားတဲ့ အရှင်ဂဏေးရှားရဲ့ ရုပ်ထုကိုမြင်တော့လဲ ဆန်ဂျနာတစ်ယောက် နေမထိထိုင်မသာတွေ ဖြစ်နေခဲ့တာကြောင့် ဘုရားခန်းတံခါးကိုပါ သွားပိတ်လိုက်ပါတယ်။

ဆန်ဂျနာရဲ့ ပုံမှန်မဟုတ်တဲ့အပြုအမူတွေကိုတော့ မန်ဂလားရဲ့ချွေးမ ဂီသာက သတိထားမိနေခဲ့ပါတယ်။

ညီမဖြစ်သူရဲ့ ဝိညာဉ်ပူးကပ်ခံထားရတဲ့ ဆန်ဂျနာလဲ အန်ဂျနာရဲ့မျက်မှန်တွေ၊ အသုံးအဆောင်ပစ္စည်းတွေနဲ့ ငယ်ငယ်က ဆော့ခဲ့တဲ့အရုပ်တွေကို ပြန်ကိုင်ကြည့်ပြီး မျက်ရည်တွေကျနေခဲ့ပါတယ်။

အဲ့ဒီမြင်ကွင်းကိုတော့ ဂီသာက အနောက်မှာ ရပ်ကြည့်နေတုန်း ဆန်ဂျနာက မျက်ထောင့်နီကြီးနဲ့ လှည့်လိုက်တာကြောင့် ဂီသာလဲ ကြောက်ပြီး ထွက်ပြေးသွားပါတော့တယ်။

ဂီသာက သူ့ယောက္ခမဆီကို အမြန်ပြေးသွားကာ ဆန်ဂျနာရဲ့ မူမမှန်တဲ့ အပြုအမူတွေနဲ့ ဆန်ဂျနာတစ်ယောက် မကောင်းဆိုးဝါးတစ်ကောင် ပူးကပ်ခံနေရတယ်လို့ ပြောပြနေပေမဲ့ မန်ဂလာကတော့ သူ့ချွေးမ ပေါက်ကရ လာပြောနေတယ်ထင်ပြီး ပန်းကန်ပဲ ဆက်ဆေးနေပါတယ်။

ပြောနေတုန်းမှာပဲ ဆန်ဂျနာက အနောက်ကနေ ရုတ်တရက် ရောက်လာတာကြောင့် အတင်းတုပ်နေတဲ့ ဂီသာလဲ လန့်ဖြန့်သွားပါတယ်။

ဆန်ဂျနာက ဂီသာကို သူများအကြောင်း စိတ်ဝင်စားမနေပဲ ကိုယ့်အလုပ်ကိုသာ ဂရုစိုက်လုပ်ဖို့ ပြောခဲ့ပြီး ထွက်သွားပါတယ်။


ညဘက် ကဘီး အိမ်ပြန်ရောက်လာချိန်မှာတော့ အိမ်ကြီးတစ်ခုလုံး မှောင်မဲနေပြီး မီးတွေကလဲ ဖွင့်မရခဲ့ပါဘူး။

သူ့မိန်းမ ဆန်ဂျနာကို အော်ခေါ်နေပေမဲ့ ဆန်ဂျနာက ပြန်မထူးတာကြောင့် ကဘီးလဲ တစ်အိမ်လုံး နှံ့အောင် လိုက်ရှာပါတယ်။

အဲ့ဒီနောက် အိမ်အပေါ်ထပ်ကနေ တစ်ခုခုလွတ်ကျသွားတဲ့ အသံကြောင့် ကဘီးက အိမ်ပေါ်တက်လာပြီး ဆန်ဂျနာ့ကို လိုက်ရှာပြန်ပါတယ်။

အရိပ်မဲကြီးတစ်ခု အခန်းထဲ ဝင်သွားတာကို တွေ့လိုက်ရတော့ ကဘီးလဲ အခန်းပေါက်နားလေးကို ဖြည်းဖြည်းချင်း လျှောက်လာခဲ့ပြီး အခန်းထဲကို ဝင်ခဲ့လိုက်ပါတယ်။

အခန်းထဲကိုရောက်တော့ ဆန်ဂျနာက အနောက်ကနေ ရုတ်တရက်ရောက်လာပြီး ကဘီး လည်ပင်းကို ဓားနဲ့ရွယ်ထားလိုက်ပါတယ်။

တကယ်တော့ ဆန်ဂျနာက သူ့ယောကျာ်းအတွက် အနီရောင်အသည်းပုံ ကိတ်မုန့်လေးတစ်လုံးနဲ့ ဖယောင်းတိုင်လေးတွေကို ရိုမန်တစ်ဆန်ဆန် စီစဉ်ထားတာဖြစ်ပြီး ပြီးပြည့်စုံတဲ့ အပြာရောင် ညလေးတစ်ညကို ဖြတ်သန်းကြမှာပဲ ဖြစ်ပါတယ်။

လင်မယားနှစ်ယောက် ချွဲချွဲနွဲ့နွဲ့လေးတွေ ပြောကြပြီး ကိတ်မုန့်လေးကို ခွဲစားကြရင်း ဒုတိယမ္မိ ပွတ်တိုက်မှု ဖြစ်ပွားကြပြန်ပါတယ်။

နောက်တစ်နေ့မှာတော့ လင်မယားနှစ်ယောက် ဆေးရုံကိုရောက်လာခဲ့ပြီး အမေဖြစ်သူရဲ့ အခြေအနေကို လာကြည့်ကြပါတယ်။

ကဘီး အခန်းအပြင်ကို ထွက်သွားတုန်း ဆန်ဂျနာက သူ့အမေမျက်နှာအနားကို ကပ်သွားပြီး သရဲမပုံစံနဲ့ပြလိုက်တဲ့အချိန်မှာတော့ ဘွားတော်ကြီးလဲ နှလုံးခုန်တွေ မြန်လာပြီး သွေးပေါင်တွေပါ ထိုးတက်သွားပါတယ်။

အချက်ပေးသံတွေကြောင့် ဆရာဝန်နဲ့ ကဘီးတို့ ရောက်လာပြီး ဘာဖြစ်သွားတာလဲမေးတော့ ဆန်ဂျနာက သူဘာမှ မသိကြောင်းပဲ ပြန်ပြောပါတယ်။

အိမ်ပြန်ရောက်တော့ ကဘီးက ဆရာဝန် ကော့တ်ရမ်နဲ့ တွေ့ပြီး သူ့မိန်းမအခြေအနေ ပိုကောင်းလာပြီဖြစ်ကြောင်း ပြောပါတယ်။

ကယောင်ခြောက်ခြားဖြစ်နေတာတွေလဲ မရှိတော့သလို အရင်တုန်းက ဆန်ဂျနာလိုပဲ ပုံမှန်ပြန်ဖြစ်လာပြီလို့ ကဘီးက ပြောပါတယ်။

ဆန်ဂျနာလဲ ကဘီးနဲ့ ကော့တ်ရမ်တို့အတွက် လက်ဖက်ရည်လာချပေးရင်း ကဘီးက ဖုန်းပြောဖို့ထသွားတာကြောင့် ဆန်ဂျနာက ဝင်ထိုင်လိုက်ပါတယ်။

ကော့တ်ရမ်က ဆန်ဂျနာ့ကို စကားတွေပြောနေခဲ့ပေမဲ့ ဆန်ဂျနာရဲ့ အာရုံကတော့ သူ့ယောကျာ်းဆီကနေ မခွာနိုင် ဖြစ်နေတာပါ။

ကော့တ်ရမ်လဲ ဆန်ဂျနာ မူမမှန်တာကို နည်းနည်း ရိပ်မိသွားပြီး ဆန်ဂျနာ့ကို အော်ခေါ်လိုက်ပါတယ်။

အဲ့အခါကျမှ ဆန်ဂျနာက ကော့တ်ရမ်အတွက် ကော်ဖီထည့်ပေးရင်း စကားပြန်ပြောခဲ့ပါတယ်။

တိုက်တိုက်ဆိုင်ဆိုင်ပဲ ခွေးလေး လီယိုက ဆန်ဂျနာ့ကိုကြည့်ပြီး ထိုးဟောင်နေတာကြောင့် ကော့တ်ရမ်က အခြေအနေတွေ ပုံမှန်မဟုတ်ဘူးဆိုတာ သတိထားမိသွားပါတယ်။

ဆန်ဂျနာ အိမ်ထဲကိုဝင်သွားတော့မှ ကော့တ်ရမ်က တိရစ္ဆာန်တွေဟာ လူတွေမမြင်နိုင်တဲ့အရာတွေကို မြင်နိုင်ကြောင်းနဲ့ ဆန်ဂျနာ့ကို ကြည့်ပြီး ဟောင်နေတာကလဲ ပုံမှန်မဟုတ်ကြောင်း ကဘီးကို ပြောပါတယ်။

နောက်ပြီး ဆန်ဂျနာ့ရဲ့စိတ်အခြေအနေက အခုလောက်ကြီး မြန်မြန်ပြောင်းလဲလာတာကလဲ သဘာဝမကျဘူးလို့ ကော့တ်ရမ်က ကောက်ချက်ချလိုက်ပြီး ဆန်ဂျနာ့ကို စောင့်ကြည့်ထားဖို့ မှာလိုက်ပါတယ်။

အဲ့ဒီအကြောင်းတွေကိုတော့ ဆန်ဂျနာက အိမ်ထဲကနေ ခိုးနားထောင်ရင်း ဒေါသထွက်နေခဲ့တာပါ။

ညနက်လာပြန်တော့ ဆန်ဂျနာတစ်ယောက် ခွေးလေး လီယိုရှိရာကို ရောက်လာခဲ့ပြီး ခွေးလေးကလဲ ဆန်ဂျနာ့ကိုမြင်ပြီး ထိုးဟောင်နေခဲ့တာပါ။

ခဏကြာတော့ ခွေးလေးက ဆန်ဂျနာ့အပေါ်ကနေတက်ပြီး မလွတ်တမ်း ကိုက်နေတာကြောင့် ဆန်ဂျနာလဲ ကဘီးကို အော်ခေါ်လိုက်ပါတယ်။

ကဘီး ရောက်လာတော့မှ ခွေးလေးကို အပြင်ခေါ်ထုတ်သွားပါတယ်။

တစ်ဖက်မှာလဲ ဂီသာက သူ့ယောက္ခမဆီကို အပြေးအလွှားရောက်လာပြီး ဒီအိမ်မှာ အလုပ်ဆက်မလုပ်ရဲတော့ဘူးလို့ ပြောပါတယ်။

အကြောင်းကတော့ သူမြင်ခဲ့ရတဲ့မြင်ကွင်းကြောင့်ပဲ ဖြစ်ပါတယ်။

ဂီသာက သူပြတင်းပေါက်တံခါးကိုဖွင့်လိုက်တော့ ဆန်ဂျနာက ခွေးလေးကို မျက်ဖြူကြီး လှန်ပြနေတာ တွေ့လိုက်ရပြီး ခွေးက ဘာမှမလုပ်ဘဲနဲ့ ကဘီးကို အော်ခေါ်ခဲ့ပါတယ်။

ကဘီး ရောက်လာခါနီးမှ ခွေးလေးကို သူ့အပေါ် ဇွတ်ဆွဲတင်ပြီး အကိုက်ခံရအောင် သက်သက် ကြံစည်ခဲ့တာဖြစ်ပါတယ်။

အဲ့တာတွေကို သိလိုက်ရတော့ အဖွားမန်ဂလားပါ ဘုရားတနေရပါပြီ။

ကဘီးလဲ ဒီအိမ်မှာ ဘာတွေဖြစ်နေလဲဆိုတာ နားမလည်နိုင်တော့တာကြောင့် စိတ်တွေညစ်ပြီး ကော့တ်ရမ်နဲ့ တိုင်ပင်ပါတယ်။

ခဏကြာတော့ ကဘီးတို့နားကို မန်ဂလားနဲ့ သူ့ချွေးမ ရောက်လာပြီး ဒီအိမ်မှာ မကောင်းဆိုးဝါးတွေရှိနေတယ်လို့ ခံစားရတာကြောင့် ကဘီး ခွင့်ပြုမယ်ဆိုရင် ဘုရားဝတ်တက်ပြီး အိမ်ကို ပရိတ်ရည်ပက်ပေးမယ်လို့ ပြောလိုက်ပါတယ်။

အဲ့တာနဲ့ ကဘီးနဲ့ ကော့တ်ရမ်လဲ မန်ဂလားတို့နဲ့ လိုက်သွားပြီး ဘုရားခန်းတံခါးကို ဖွင့်ကာ အရှင်ဂဏေးရှားရဲ့ ရုပ်ထုရှေ့မှာ ရွတ်ဖတ်ပူဇော်တာတွေ လုပ်ပါတော့တယ်။

အပေါ်ထပ်မှာ ရှိနေတဲ့ ဆန်ဂျနာကတော့ နေမထိထိုင်မသာတွေ ဖြစ်လာပြီး ပြာယာခတ်နေပါတယ်။

မန်ဂလားနဲ့ ဂီသာတို့က ဘုရားစာတွေရွတ်ပြီး ကဘီးနဲ့ ကော့တ်ရမ်တို့က ခေါင်းလောင်းတီးကာ အရှင်ဂဏေးရှားကို ပူဇော်ကြပါတယ်။

တစ်ဖက်မှာ သရဲပူးကပ်ခံထားရတဲ့ ဆန်ဂျနာကတော့ အခန်းထဲတင် ဟိုဘက်လျှောက်လိုက်၊ ဒီဘက်လျှောက်လိုက်နဲ့ ဘယ်လိုမှ မနေနိုင်တော့ပါဘူး။

မန်ဂလားနဲ့ ဂီသာတို့ကလဲ တစ်အိမ်လုံးကို ပတ်ပြီး ခေါင်းလောင်းတွေ လိုက်တီးကာ ဆန်ဂျနာရဲ့ အခန်းထဲကို ဝင်လာခဲ့ပါတယ်။


အခန်းထဲရောက်တော့ မန်ဂလားက ပြတင်းပေါက်ရှေ့မှာ မတ်တပ်ကြီး ရပ်နေတဲ့ အန်ဂျနာ့ကို လှမ်းခေါ်လိုက်ချိန်မှာပဲ သရဲမက သူ့ရဲ့ပုံစံအစစ်အမှန်ကို ထုတ်ပြလိုက်ပါတော့တယ်။

သာမန်လူတွေ ဖြေရှင်းလို့မရတဲ့ ကိစ္စဖြစ်တာကြောင့် ကဘီးတို့လဲ ဘုန်းတော်ကြီးကို ပင့်ပြီး ဆန်ဂျနာ့ကိုယ်မှာ ပူးကပ်နေတဲ့ မကောင်းဆိုးဝါးကို ထုတ်ဖို့ လုပ်ပါတယ်။

အဲ့ဒီနောက် ဆန်ဂျနာ့ကို ကုတင်ပေါ်မှာ တင်ထားပြီး ခြေတွေ လက်တွေကိုလဲ ကြိုးတုပ်ထားပါတယ်။

ဘုန်းတော်ကြီးက ဆန်ဂျနာဟာ သူ့ညီမရဲ့ ဝိညာဉ်ပူးကပ်ခံနေရတာကြောင့် ဆန်ဂျနာ့ရဲ့ ကျန်းမာရေး ချူချာလာတော့မှာဖြစ်လို့ ဝိညာဉ်ကိုထုတ်ဖို့ သူတို့မှာ အချိန်သိပ်မကျန်တော့ဘူးလို့ ကဘီးကို ပြောပါတယ်။

ဘုန်းတော်ကြီးက ချက်ချင်းပဲ အစီအရင်တွေလုပ်ပြီး ကျမ်းစာကို ဖတ်ကာ မကောင်းဆိုးဝါးကို ထုတ်ဖို့ လုပ်ပါတယ်။

တစ်အိမ်လုံးမှာရှိတဲ့ မှန်တွေ၊ ဓာတ်ပုံတွေမှန်သမျှကိုလဲ အဝတ်တွေနဲ့ ဖုံးခိုင်းထားလိုက်ပြီး အကြောင်းကတော့ မကောင်းဆိုးဝါးက ဆန်ဂျနာ့ကိုယ်ထဲက ထွက်လာရင် မှန်တွေ၊ ဓာတ်ပုံတွေမှာ ပူးကပ်နေနိုင်လို့ ဖြစ်ပါတယ်။

တစ်ဖက်မှာတော့ ကော့တ်ရမ်ကလဲ အဖြစ်အပျက်တွေအားလုံးကို မှတ်တမ်းတင်ထားဖို့ ကင်မရာတစ်လုံးနဲ့ video ရိုက်ထားလိုက်ပါတယ်။

အခန်းတံခါးတွေ အကုန်လုံးကိုလဲ ပိတ်ခိုင်းလိုက်ပြီး ဘုန်းတော်ကြီးက သူ့လုပ်ငန်းကို စတင်ပါတော့တယ်။

ဆန်ဂျနာ့တစ်ကိုယ်လုံးကို အဝတ်နဲ့အုပ်လိုက်ပြီးတဲ့နောက် ဘုန်းတော်ကြီးက ကျမ်းစာကို အဆက်မပြတ်ဖတ်ရင်း မကောင်းဆိုးဝါးဝိညာဉ်နဲ့ ပတ်သက်သမျှ ပစ္စည်းတွေကိုလဲ တစ်ခုချင်း မီးရှို့ဖျက်စီးပစ်လိုက်ပါတယ်။

ခဏကြာတော့ ဆန်ဂျနာထိုင်နေတဲ့ ကုတင်ကြီးက လေပေါ်ထပျံလာခဲ့ပြီး ငါ့ကို ဘယ်သူ့မှတားလို့မရဘူးလို့ အသံနက်ကြီးနဲ့ အော်ပြောပါတယ်။

ကုတင်ကြီးတစ်ခုလုံး လေပေါ်မှာ လေးငါးပတ်လောက် လည်သွားပြီး တော်တော်လေးကြာတော့မှ အောက်ကို ပြန်ကျလာခဲ့ပါတယ်။

အဲ့ဒီနောက် ဘုန်းတော်ကြီးက ပရိတ်ရည်ခွက်ကိုကိုင်ပြီး ဆန်ဂျနာ့အနားကို ကပ်လာပါတယ်။

ဆန်ဂျနာ့ကိုယ်ပေါ်ကို ပရိတ်ရည်တွေနဲ့ ပက်ချလိုက်တဲ့အခါမှာတော့ အုပ်ထားတဲ့အဝတ်ကြီးက ပြဲသွားပြီး မကောင်းဆိုးဝါးရဲ့ ပုံစံအမှန်ကို မြင်လိုက်ရပါတယ်။

မကောင်းဆိုးဝါးက ဆန်ဂျနာရဲ့ ခန္ဓာကိုယ်ထဲကနေ ထွက်မပေးနိုင်ဘူးလို့ ပြောနေတော့ ဘုန်းတော်ကြီးလဲ မထွက်ရင် အရှင်လတ်လတ်မီးပါရှို့ပစ်မယ်လို့ အော်ပြောလိုက်ပြီး ပရိတ်ရည်နဲ့ ထပ်ပြီး ပက်လိုက်ပါတယ်။

အဲ့ဒီနောက် အုပ်ထားတဲ့ အဝတ်ကြီး လှန်သွားပြီး မကောင်းဆိုးဝါးကလဲ ကဘီးရှိတဲ့ဘက်ကို မတ်တပ်ကြီး ထရပ်လိုက်ပါတော့တယ်။

မကောင်းဆိုးဝါးမက ကဘီးကို ရန်စကားတွေ ပြောနေလို့ ဘုန်းတော်ကြီးလဲ ပရိတ်ရည်ကို ခွက်လိုက် ခေါင်းပေါ်ကနေ လောင်းချပေးလိုက်တော့မှ မကောင်းဆိုးဝါးဝိညာဉ်လဲ ဆန်ဂျနာ့ခန္ဓာကိုယ်ထဲကနေ ထွက်ပြေးသွားပါတော့တယ်။

ဆန်ဂျနာ သတိပြန်ရလာတဲ့အချိန်မှာတော့ ကဘီးကို သူ့မိန်းမကို ဖက်ထားရင်း နှစ်သိမ့်ပေးလိုက်ပါတယ်။

ညရောက်တဲ့အခါမှာတော့ ဆန်ဂျနာက သူ့ယောကျာ်း laptop ထဲကနေ မကောင်းဆိုးဝါးထုတ်တုန်းက မှတ်တမ်းတင်ထားတဲ့ video ကို မြင်လိုက်ရပါတယ်။

မကောင်းဆိုးဝါးက အရမ်းအညိုးအတေးကြီးနေတာကြောင့် သာမန်ဖြစ်ရပ်မဟုတ်တာကို သတိထားမိသွားတဲ့ ကဘီးလဲ ဆန်ဂျနာနဲ့ အန်ဂျနာတို့ ညီအစ်မနှစ်ယောက် ဘယ်လိုဖြစ်ခဲ့ကြတာလဲဆိုတာကို အမှန်အတိုင်း ပြောပြဖို့ ဆန်ဂျနာ့ကို ပြောလိုက်ပါတယ်။

ဆန်ဂျနာက သူမဟုတ်တာ မလုပ်ခဲ့ကြောင်း ငြင်းနေပေမဲ့ ကဘီးကတော့ မကောင်းဆိုးဝါးက အခုထိ အိမ်မှာ ကပ်တွယ်နေသေးတာကြောင့် ဆန်ဂျနာ အမှန်အတိုင်း ဝန်ခံမှသာ လိုက်မနှောင့်ယှက်တော့မှာဖြစ်ကြောင်း မိန်းမဖြစ်သူကို နားချပါတယ်။

နောက်ပြီး ဒီကိစ္စကြောင့် ပြဿနာ ထပ်ဖြစ်ရရင်လဲ သူတို့အိမ်ထောင်ရေးက အဆင်ပြေနိုင်တော့မှာ မဟုတ်ကြောင်း ကဘီးက ပြောပြီး ထွက်သွားဖို့လုပ်တော့မှ ဆန်ဂျနာလဲ အမှန်အတိုင်း ဝန်ခံဖို့ ဆုံးဖြတ်လိုက်ပါတယ်။


ကဘီး လန်ဒန်ကနေ ပြန်လာခါနီးတုန်းက လေယာဉ်ကွင်းကို သွားကြိုဖို့ ကိစ္စနဲ့ ညီအစ်မနှစ်ယောက် စကားများခဲ့ကြပြီး ပြဿနာက ပိုကြီးလာခဲ့ပါတယ်။

အန်ဂျနာက ကဘီးနဲ့သူနဲ့ကြားမှာ ဆန်ဂျနာဝင်ရှုပ်လို့ ကဘီးက သူ့ကိုမရွေးခဲ့တာဖြစ်ကြောင်း ပြောရင်း ညီအစ်မနှစ်ယောက် ငြင်းကြခုံကြရင်း ကိုယ်ထိလက်ရောက်တွေပါ ဖြစ်ကုန်ကြပါတယ်။

အန်ဂျနာက အရင်ဆုံး ဆန်ဂျနာ့ကို လည်ပင်းညှစ်လိုက်တာဖြစ်ပြီး အိပ်ယာပေါ်ကို လှဲချပစ်လိုက်ပါတယ်။

အဲ့ဒီအချိန်မှာပဲ ဆန်ဂျနာက ခေါင်းအုံးဘေးမှာ တင်ထားတဲ့ မီးအိမ်နဲ့ အန်ဂျနာ့ခေါင်းကို ရိုက်ချလိုက်ပါတော့တယ်။

အန်ဂျနာလဲ ခေါင်းပေါက်သွားခဲ့ပြီး သွေးထွက်လွန်ကာ နေရာမှာတင် ပွဲချင်းပြီးသွားခဲ့ရပါတယ်။

အဲ့ဒီကိစ္စကို အမေဖြစ်သူကလဲ ဆရာဝန်ကို လာဘ်ထိုးပြီး ဖုံးဖိထားလိုက်ကာ မတော်တဆမှုဖြစ်ခဲ့တယ်လို့ပဲ ပတ်ဝန်းကျင်ကို အသိပေးခဲ့တာဖြစ်ပါတယ်။

အကြောင်းစုံကို သိလိုက်ရတော့ ကဘီးလဲ တော်တော်လေး စိတ်ထိခိုက်သွားခဲ့ရပါတယ်။

ဆန်ဂျနာကတော့ ကဘီးကို မဆုံးရှုံးချင်လို့ အဲ့လိုကိစ္စမျိုးကို သူလုပ်ခဲ့ရတာပါလို့ ဖြေရှင်းချက်ပေးပါတယ်။

ကဘီးလဲ အဖြစ်အပျက်တွေကို ကော့တ်ရမ်ဆီ ဖုန်းဆက်ပြီး ပြောပြလိုက်တော့ ကော့တ်ရမ်က အခုလိုဆိုရင် အန်ဂျနာ့ဝိညာဉ်က လက်စားချေဖို့ လာတာဖြစ်ကြောင်းနဲ့ သူ့ဝိညာဉ် စွဲကပ်နေတဲ့ နေရာတစ်ခုလဲ ရှိနိုင်တယ်လို့ ပြောလိုက်ပါတယ်။


ကဘီး ဖုန်းပြောပြီးပြီးချင်းပဲ တိုက်တိုက်ဆိုင်ဆိုင် သံပတ်အရုပ်လေးရဲ့ သီချင်းသံကို ကြားလိုက်ရပြီး လင်မယားနှစ်ယောက်လဲ အသံကြားရာဆီကို လိုက်ရှာခဲ့ပါတယ်။

မန်ဂလားနဲ့ ဂီသာတို့ကလဲ ကဘီးတို့ လင်မယား ဆင်းလာတာကိုတွေ့လိုက်တော့ အနောက်ကနေကပ်ပြီး လိုက်လာခဲ့ပါတယ်။

သီချင်းသံရဲ့ ဦးတည်ရာက အိမ်ခန်းအဟောင်းကြီးထဲက လာတာဖြစ်လို့ ကဘီးတို့လဲ အခန်းထဲကို ဝင်ကြည့်လိုက်ပါတယ်။

ကဘီးက အရုပ်ကို လိုက်ရှာပေမဲ့ အရှေ့အခန်းထဲမှာ မတွေ့ခဲ့ဘဲ အသံလာရာဖြစ်တဲ့ နောက်ထပ်အခန်းတစ်ခုဆီကို ဝင်သွားလိုက်ပါတယ်။

သီချင်းသံက ကြမ်းပြင်အောက်ကနေ ကြားနေရတာကြောင့် ကဘီးလဲ ဆွေးနေတဲ့ကြမ်းပြင်ကို ချိုးလိုက်တဲ့အခါမှာတော့ အန်ဂျနာရဲ့အလောင်းနဲ့တူတူ အရုပ်ကိုပါ တွေ့လိုက်ရပါတယ်။

ကဘီးက အရုပ်ကို ကောက်ယူလိုက်ကာ အလောင်းကို မီးရှို့ပစ်ရမယ်လို့ ဆန်ဂျနာ့ကို ပြောလိုက်ပြီး မန်ဂလားတို့နှစ်ယောက်ကို ဓာတ်ဆီနဲ့ မီးခြစ်ဆံ သွားယူခိုင်းလိုက်ပါတယ်။

မန်ဂလားနဲ့ ချွေးမဖြစ်သူလဲ ကြောက်ကြောက်နဲ့ပဲ အိမ်ကြီးထဲကို ပြန်ဝင်သွားပြီး ဓာတ်ဆီပုံးနဲ့ မီးခြစ်ဆံဘူး ယူလာခဲ့လိုက်ပါတယ်။

အဲ့ဒီအချိန်မှာပဲ မီးသီးတွေက မှိတ်တုပ်မှိတ်တုပ် ဖြစ်လာပြီး အမှောင်ကျသွားခဲ့ပါတယ်။

နှစ်ယောက်သား အပြင်ကို ပြေးထွက်လာခဲ့ပြီး ဂီသာက ဓာတ်ဆီပုံးကြီးကို ကိုင်ကာ အရှေ့ကနေ ဦးဆောင်ပြီး လျှောက်လာခဲ့ပါတယ်။

ယောက္ခမကို စိတ်မချတဲ့ ဂီသာလဲ အနောက်လှည့် ကြည့်လိုက်ချိန်မှာတော့ မန်ဂလား ရှိမနေတော့ပါဘူး။

မန်ဂလားကို လိုက်ရှာရင်း ယောက္ခမရော ချွေးမပါ သရဲမနဲ့ ထိပ်တိုက်သွားတွေ့ပြီး အခြောက်ခံလိုက်ရပါတော့တယ်။

တစ်ဖက်မှာတော့ အလောင်းကို မီးရှို့ဖို့ စောင့်နေတဲ့ ကဘီးတို့လဲ ဂီသာတို့ ပြန်မလာသေးတာကြောင့် အိမ်ဘက်ကို လိုက်ကြည့်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။

အဲ့ဒီအခါမှာတော့ ကော့တ်ရမ် ရောက်လာပြီး သူအသင့်ယူလာတဲ့ ဓာတ်ဆီပုံးနဲ့ မီးခြစ်ဆံကို ကဘီးလက်ထဲ ထည့်ပေးလိုက်ပါတယ်။

ကဘီးလဲ အလောင်းကို ထုတ်ပြီး မီးရှို့ဖို့ လုပ်နေချိန်မှာပဲ မကောင်းဆိုးဝါးက ကော့တ်ရမ်ကို ဝင်ပူးသွားပြီး ဆန်ဂျနာ့ကို သံတုတ်နဲ့ရိုက်ဖို့ လုပ်ပါတယ်။

ကံကောင်းတော့ ကဘီး အသိမြန်သွားတာကြောင့် ကဘီးလဲ မကောင်းဆိုးဝါးနဲ့ သူတစ်ပြန်ကိုယ်တစ်ပြန် တိုက်ခိုက်ပါတော့တယ်။

အင်အားကြီးတဲ့ မကောင်းဆိုးဝါးကြောင့် ကဘီးလဲ ထိမိခိုက်မိသွားပေမဲ့ သူ့မိန်းမ ဆန်ဂျနာကို ကာကွယ်ဖို့အတွက် မရရအောင် ပြန်ခုခံခဲ့ပါတယ်။

အဲ့ဒီနောက်တော့ မကောင်းဆိုးဝါးက ကဘီးကို အမှောက်သိပ်လိုက်ပြီး ပုန်းနေတဲ့ ဆန်ဂျနာ့ကို လိုက်ရှာပါတယ်။

ဆန်ဂျနာက နံရံတစ်ခုနောက်မှာ ကွယ်နေတုန်း မကောင်းဆိုးဝါးရဲ့လက်က နံရံကို ဖောက်ဝင်လာပြီး ဆန်ဂျနာ့ကို လည်ပင်းညှစ်ပါတယ်။

ပြန်သတိရလာတဲ့ ကဘီးလဲ မကောင်းဆိုးဝါးကို မရရအောင် ဖမ်းချုပ်ထားလိုက်ပြီး ဆန်ဂျနာ့ကိုတော့ အန်ဂျနာရဲ့အလောင်းကို မီးသွားရှို့ဖို့ အော်ပြောလိုက်ပါတယ်။

ဆန်ဂျနာလဲ ကဘီးပြောတဲ့အတိုင်း ကြမ်းပြင်ပေါ်မှာ မှောက်ကျနေတဲ့ ဓာတ်ဆီတွေနဲ့ မီးရှို့ဖို့လုပ်နေတုန်းမှာပဲ မကောင်းဆိုးဝါးက ထပ်ရောက်လာပြီး ဆန်ဂျနာ့ကို လည်ပင်းညှစ်ပြန်ပါတယ်။

ဒါပေမဲ့ ကံကောင်းချင်တော့ မီးခြစ်ဆံက ဖိတ်နေတဲ့ ဓာတ်ဆီတွေပေါ် ကျသွားပြီး ကြမ်းပြင်မှာ မီးတွေ စွဲသွားပါတော့တယ်။

ကဘီးလဲ သူ့မိန်းမလည်ပင်းကို ညှစ်ထားတဲ့ မကောင်းဆိုးဝါးကို တိုက်ခိုက်ရင်း ဘေးကိုလွင့်ထွက်သွားချိန်မှာတော့ ကြမ်းပြင်အောက်ကနေ တစ်စုံတစ်ခုကို တွေ့လိုက်ရပါတယ်။

တိုက်တိုက်ဆိုင်ဆိုင်ပဲ ကော့တ်ရမ်ရဲ့ ခန္ဓာကိုယ်ထဲမှာ ပူးကပ်နေတဲ့ မကောင်းဆိုးဝါးကလဲ ထွက်သွားခဲ့ပြီး ကော့တ်ရမ်လဲ သတိပြန်လည်လာပါတယ်။

အဲ့ဒီအချိန်မှာပဲ ကဘီးက ငယ်ငယ်တုန်းက သူပေးခဲ့ဖူးတဲ့ ဆန်ဂျနာနဲ့သူ့ပုံထည့်ထားတဲ့ လော့ကဒ်သီးဆွဲကြိုးလေးကို ထုတ်ပြလိုက်ပါတယ်။

နောက်ပြီး အခုသူ့ရှေ့မှာ ရပ်နေတာက ဆန်ဂျနာလား အန်ဂျနာလားဆိုပြီး ကဘီးက မေးလိုက်ပါတယ်။

ကဘီး ကလေးဘဝတုန်းက ဆွဲကြိုးလေးကို ဆန်ဂျနာ့လည်ပင်းမှာ ဆွဲပေးခဲ့တာဖြစ်ပြီး ဆန်ဂျနာကလဲ သူ့အမေကို ဆွဲကြိုးလေး သိမ်းထားဖို့ ပေးခဲ့လိုက်ပါတယ်။

ဒါပေမဲ့ အခုချိန်မှာတော့ ဆွဲသီးလေးကို ကြမ်းပြင်အောက်မှာ ရှိနေတဲ့ အလောင်းဆီကနေ ရခဲ့တာကြောင့် ကဘီးက သေသွားခဲ့ရတာက ဆန်ဂျနာမို့လားဆိုပြီး သူ့မိန်းမကို မေးလိုက်ပါတယ်။

အဲ့တာနဲ့ မိန်းမဖြစ်သူလဲ အမှန်တရားတွေ အကုန်လုံးကို ပြောပြလိုက်ပါတော့တယ်။

ကဘီးကို လုကြရင်း သေခဲ့ရတာကလဲ ဆန်ဂျနာသာဖြစ်ခဲ့ပြီး ဆန်ဂျနာမရှိတော့တဲ့နောက်မှာတော့ အန်ဂျနာက ကဘီးကို လိုချင်တာကြောင့် သူ့ကိုယ်သူ ဆန်ဂျနာအနေနဲ့ တစ်ဘဝစာ ဟန်ဆောင်နေခဲ့တာ ဖြစ်ပါတော့တယ်။

အမှန်တရားတွေ အားလုံးကို သိလိုက်ရတဲ့ ကဘီးလဲ သူနဲ့ လက်ထပ်ပြီး တစ်ချိန်လုံး တူတူနေလာတာဟာ သူသိပ်ချစ်ရတဲ့ ဆန်ဂျနာမဟုတ်ဘဲ အန်ဂျနာမှန်း သိလိုက်ရတဲ့အခါမှာတော့ လုံးဝကို မယုံနိုင်လောက်အောင် အံ့သြမိနေခဲ့ပါတယ်။


သူ့ဘဝတစ်လျှောက်လုံး အလိမ်အညာကြီးတစ်ခုနဲ့ပဲ ဖြတ်သန်းခဲ့ရတာကြောင့် ကဘီးလဲ အန်ဂျနာကို အရမ်းစိတ်နာသွားခဲ့ပြီး အန်ဂျနာရဲ့ ဖြေရှင်းချက်တွေကို လက်မခံနိုင်တော့ပါဘူး။

အဲ့တာကြောင့် အတိတ်က ဖြစ်ပျက်ခဲ့တဲ့ သူတို့နှစ်ယောက်ရဲ့ မင်္ဂလာပွဲကအစ ဖန်တီးခဲ့တဲ့ အမှတ်တရတွေ အားလုံး အနှစ်သာရ မရှိဘူးလို့ ကဘီးက အန်ဂျနာကို ခါးခါးသီးသီးပဲ ပြောလိုက်ပါတယ်။

အန်ဂျနာတစ်ယောက် အရမ်းကို စိတ်ထိခိုက်သွားခဲ့ရပြီး ကဘီးရဲ့ခေါင်းကို တုတ်နဲ့လှမ်းရိုက်လိုက်ပါတော့တယ်။

နောက်ပြီး သူကိုယ်တိုင် ကဘီးကို မပိုင်ဆိုင်ရရင် ဘယ်သူမှမပိုင်စေရဘူးလို့ ပြောလိုက်ပြီး ကဘီးကို သတ်ဖို့လုပ်နေချိန်မှာပဲ ဆန်ဂျနာရဲ့ ဝိညာဉ်လေးက ရောက်လာပြီး အန်ဂျနာရဲ့လက်ကို ဖမ်းကိုင်ထားလိုက်ပါတယ်။

ကဘီးလဲ သူသိပ်ချစ်ခဲ့ရတဲ့ ဆန်ဂျနာ့ကို ငေးကြည့်နေတုန်း ဆန်ဂျနာရဲ့ဝိညာဉ်က သူ့ညီအစ်မ အန်ဂျနာ့ကို မီးလောင်တဲ့ထဲ ဆွဲခေါ်သွားလိုက်ပြီး အိမ်ခေါင်မိုးကြီးလဲ ပြိုကျသွားပါတော့တယ်။

အန်ဂျနာတစ်ယောက် မီးထဲပါပြီး သေသွားခဲ့တဲ့နောက်မှာ ဆန်ဂျနာရဲ့ ဝိညာဉ်က ကဘီးကို နှုတ်ဆက်ရင်း ပျောက်ကွယ်သွားခဲ့ပါတယ်။

အဖြစ်အပျက်တွေအားလုံးက လက်မခံနိုင်စရာ ကောင်းလွန်းတာကြောင့် ကဘီးတစ်ယောက် ဒူးထောက် လက်မှိုင်ကျပြီး ငိုနေခဲ့ရင်း ဇာတ်လမ်းလေးလဲ ပြီးဆုံးသွားခဲ့ပါပြီ။

ဒီဇာတ်လမ်းလေးထဲမှာတော့ အန်ဂျနာဟာ သူရဲ့ဝမ်းချင်းဆက်အမွှာညီအစ်မဖြစ်တဲ့ ဆန်ဂျနာ့အပေါ်မှာတောင် မနာလိုဝန်တိုစိတ်နဲ့ အငြိုးအတေးကြီးခဲ့တာကို မြင်တွေ့ရမှာဖြစ်ပြီး အဲ့လိုမကောင်းတဲ့ မစ္ဆရိယစိတ်တွေကြောင့်ပဲ အဆုံးသတ်မလှခဲ့တာကိုလဲ တွေ့မြင်ရမှာဖြစ်ပါတယ်။

အဲ့တာကြောင့် မစ္ဆရိယစိတ်လို့ခေါ်တဲ့ မနာလိုဝန်တိုစိတ်ရှိခြင်းက ကောင်းမွန်တဲ့ ရလဒ်ကို ပေးမှာမဟုတ်ကြောင်း သိရမှာပဲ ဖြစ်ပါတယ်။

နောက်ပြီး ၁၅၀၀ အချစ်တစ်ခုတည်းကြောင့် ဝမ်းချင်းဆက်အမွှာညီအစ်မဖြစ်သူကိုတောင် ပျက်စီးစေလိုတဲ့ စိတ်ထား ပေါ်ပေါက်လာပုံကို ကြည့်အားဖြင့်လည်း အချစ်ဆိုတာဟာ ဘယ်လောက်ထိ အင်အားကြီးကြောင်းနဲ့ တစ်ဖက်မှာလဲ ဘယ်လောက်ထိ ပူလောင်စေကြောင်းကို ထိထိမိမိ သရုပ်ဖော်ပြသွားတာကို သိရှိရမှာပဲ ဖြစ်ပါတော့တယ်ခင်ဗျာ။

 

Comments