Saturday, December 21, 2024

The Billionaire (2011)

 

မင်္ဂလာပါ။ ဘီတီအမ်မှ ပြန်လည်ကြိုဆိုလိုက်ပါတယ်။

ဒီနေ့အတွက်တင်ဆက်ဖို့ ရွေးချယ်ထားတာက The Billionaire (2011) ပါ။

ဒီရုပ်ရှင်က ကျွန်တော် အရမ်းကြိုက်တဲ့ ရုပ်ရှင်တကားဖြစ်သလို Series4u က ကိုရခိုင်ကြီးလည်း ဒီကားလေး recap လုပ်ဖို့ ပြောဖူးပါတယ်။

ကျတော်လည်း လုပ်မယ်လုပ်မယ်နဲ့ တကယ်မလုပ်ဖြစ်ပဲ နောက်ပိုင်းတေ့ မေ့မေ့ပျောက်ပျောက်ဖြစ်သွားပါတယ်။အဲ့ဒါ တနေ့ကတော့ ဘရားသားတယောက်က ကွန်မန့်မှာ ဒီကားလေးလာတောင်းထားတာမြင်တာနဲ့ သတိတရနဲ့ ချက်ခြင်းထလုပ်လိုက်ပါတယ်။တောင်းဆိုပေးတဲ့ ဘရားသားကိုလည်း ကျေးဇူးတင်ရှိပါတယ်ဗျာ။

"ဒီရုပ်ရှင်ဟာ ၂၀၁၁ ခုနှစ်ထွက် ထိုင်းရုပ်ရှင်တစ်ကားဖြစ်ပြီး, ထိုင်းနိုင်ငံရဲ့ နာမည်ကျော် စီးပွားရေးလုပ်ငန်းရှင် “သော့ပ် အိထိဖတ်” ရဲ့ ဖြစ်ရပ်မှန်ဘဝဇာတ်ကြောင်းကို အခြေခံပြီး ရိုက်ကူးထားတာပါ။

ဇာတ်လမ်းဟာ သော့ပ် ဆိုတဲ့ လူငယ်တစ်ဦးရဲ့ ဘဝအကြောင်းကို ပြောပြထားပါတယ်။ သူဟာ ဂိမ်းစွဲနေတဲ့ သာမာန်လူငယ်တစ်ဦးဖြစ်ပြီး, သူ့မိသားစုမှာတော့ ငွေကြေးအခက်အခဲတွေကြောင့် အိမ်ကို သိမ်းဆည်းခံရမယ့်အခြေအနေထိ ရောက်ရှိနေပါတယ်။အခြေနေမှန်ကို သိလိုက်ရတဲ့အခါ သော့ပ်ဟာ သူ့ဘဝကို ပြောင်းလဲဖို့ ဆုံးဖြတ်ပြီး စီးပွားရေးလုပ်ငန်းတစ်ခုကို စတင်ခဲ့ပါတယ်။

ပေါ့ပ်ဟာ အစပိုင်းမှာ အွန်လိုင်းဂိမ်းကနေ ပစ္စည်းရောင်းပြီး ငွေရှာခဲ့ပေမယ့်, အဲဒီနောက်မှာတော့ အောင်မြင်မှုရဖို့ အတားအဆီးတွေ၊ အမှားအယွင်းတွေ၊ စီးပွားရေးအခက်အခဲတွေကို ရင်ဆိုင်ခဲ့ရပါတယ်။

ဒီလို စမ်းတဝါးဝါး လျှောက်လှမ်းလာရင်း နောက်ဆုံးမှာတော့ သူဟာ "ထောက်ကယ်နွဲ့" ဆိုတဲ့ နာမည်ကျော်ရေညှိကြော် အမှတ်တံဆိပ်ကို တည်ထောင်ပြီး, အသက် ၁၉ နှစ်အရွယ်လေးနဲ့ သူ့မိသားစုရဲ့ အကြွေးဘတ် သန်း ၄၀ ကို ဆပ်ဖို့ရုန်းကန်ရပုံကို မြင်ကြရမှာပါ။

ဇာတ်လမ်းက သော့ပ်ရဲ့ အောင်မြင်မှုနောက်ကွယ်မှာ ရှိတဲ့ ခက်ခဲပင်ပန်းမှုတွေနဲ့ မဆုတ်တမ်းကြိုးစားမှုတွေကို အတွင်းကျကျ ဖော်ပြထားပါတယ်။  ဒီအထဲကနေ ကျတော်တို့အားလုံးအတွက် စိတ်အားတက်ဖွယ်ရာ တန်ဖိုးရှိတဲ့သင်ခန်းစာတွေ ရယူနိုင်တာကြောင့် ကျတော်နဲ့အတူ လိုက်ပါခံစားကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်။

ကျတော်ကတော့ ထုံးစံအတိုင်း ပင်တိုင်တင်ဆက်သူ အံ့ခေတ်မှူးပဲ ဖြစ်ပါတယ်ခင်‌ဗျာ။

***

လူငယ်လေးရဲ့နာမည်က ‌သော့(ပ်) ဖြစ်ပါတယ်။

သော့ပ်ရဲ့ ဇာတ်လမ်းကတော့ ၂၀၀၄ ခုနှစ်မှာ စတင်ခဲ့ပြီး အဲဒီအင်္ကျီအဝါရောင်ဝတ်ထားတဲ့ ကောင်လေးဟာ သူပါပဲ။

သူက ဘဏ်ဝန်ထမ်းဆီကို လာပြီး ကျွန်တော် ထိုင်းဘတ်ငွေ ၁၀ သန်း ချေးငွေထုတ်ချင်လို့ပါလို့ ပြောပါတယ်။

ဒါပေမယ့် ဘဏ်ဝန်ထမ်းကတော့ သူ့ကိုကလေးတစ်ယောက်လို့ပဲ မြင်တာကြောင့် အရေးမထားသလို ထုတ်လည်းမပေးပါဘူး။

သူက အလုပ်လုပ်ရမှာမို့ တခြားကိုသွားစမ်းပါဆိုပြီး မောင်းထုတ်ပစ်ပေမဲ့ ‌သော့(ပ်) က ချေးငွေမရမချင်း လုံးဝကိုမသွားပါဘူး။

ဒါနဲ့ ဝန်ထမ်းက အေးလေ၊ တကယ်လို့ ငွေချေးချင်တယ်ဆိုရင် ခိုင်လုံတဲ့ အကြောင်းပြချက်တစ်ခုကို ပြောပြစမ်းပါ၊ ငါ စိတ်ဝင်စားပြီး နားထောင်မိရင်တော့ မင်းအတွက်မျှော်လင့်ချက်ရှိလိမ့်မယ် လို့ပြောပါတယ်။

ဒါနဲ့ ‌သော့(ပ်) က စာရွက်တစ်ရွက်ကို ယူပြီး သူ့ရဲ့နာမည်နဲ့ ဖုန်းနံပါတ်ကို ရေးချလိုက်ပါတယ်။ ပြီးတော့ ဘဏ်ဝန်ထမ်းကို ကျွန်တော် ဘယ်သူလဲ၊ အသက်ဘယ်လောက်လဲဆိုတာကို စိတ်မဝင်စားပါနဲ့။ ကျွန်တော့်ရဲ့ အကြောင်းပြချက်ကို အရင်နားထောင်ကြည့်ပါလို့ ပြောလိုက်ပါတယ်။

အဲဒီနောက်မှာတော့ ‌သော့(ပ်) က လွန်ခဲ့တဲ့ ၂ နှစ်က သူ့ရဲ့ အကြောင်းကို ပြန်ပြောပြပါတယ်။ အဲဒီအချိန်တုန်းကတော့ ‌သော့(ပ်) ဟာ အသက် ၁၇ နှစ်ပဲ ရှိပါသေးတယ်။ သူက ကျောင်းတစ်ကျောင်းမှာ တက်နေပါတယ်။ တခြားသူတွေ စာသင်နေတဲ့အချိန်မှာ သော့ပ်က ခိုးပြီး ဂိမ်းဆော့နေပါတယ်။ ဒီဂိမ်းကတော့ ကမ္ဘာနဲ့ချီဆော့ကြတဲ့ အွန်လိုင်းဂိမ်းတစ်ခုပါ။

ဂိမ်းထဲက အကောင့်တခုက သူ့ဆီကို ဆက်သွယ်ပြီး ပစ္စည်းတခုခု ဒါမှမဟုတ် ဖိနပ်ကို စင်ကာပူဒေါ်လာ ၃၀၀ နဲ့ ဝယ်ချင်တယ်လို့ ပြောပါတယ်။

ဒါပေမဲ့ ‌သော့(ပ်) က စျေးကိုင်ထားပြီးတော့ နောက်ဆုံးမှာ စင်ကာပူဒေါ်လာ ၅၀၀ နဲ့ ရောင်းလိုက်ပါတယ်။ ထိုင်းဘတ်ငွေနဲ့ဆိုရင်တော့ 12000 လောက် ရှိပါတယ်။ အဲဒီနောက်မှာတော့ တော့ပ်က သူ့ရဲ့ ဦးလေး ထူးရောင် ရဲ့ ဘဏ်အကောင့်နံပါတ်ကို ပေးလိုက်ပြီး ငွေလွှဲခိုင်းလိုက်ပါတယ်။

ပြီးတော့ သူ တကယ်ပဲ ဘဝမှာပထမဆုံး ကိုယ်တိုင်ရှာထားတဲ့ ငွေ ၁၂,၀၀၀ ကို ရခဲ့ပါတယ်။အဲဒီငွေကိုကြည့်ပြီး ‌သော့(ပ်) အရမ်းပျော်ရွှင် စိတ်လှုပ်ရှားနေခဲ့ပါတယ်။

ဒါ့အပြင် သူက ဦးလေး ထူးရောင်ကို သူ့ဂိမ်းထဲမှာ ရောင်းဖို့အတွက် ဖိနပ် ၈ ရံ၊ ဒိုင်း ၄၃ ခု၊ အဆင့်မြှင့်တင်စာအုပ် ၄၀ နဲ့ ဝယ်ယူကတ် ၁၇ ခု ရှိသေးတယ်လို့ ပြောပြပါတယ်။

အဲဒါကတော့ တော့ပ် ဂိမ်းဆော့ရင်း ပထမဆုံး ငွေရှာနိုင်ခဲ့တဲ့ အမှတ်တရနေ့ရက်တွေပါပဲ။ သူ့မှာရှိသမျှအားလုံးကို ရောင်းလိုက်ပြီးနောက်မှာတော့ သော့(ပ်)က ကားအရောင်းပြခန်းကို သွားပြီး သူ့မှာရှိတဲ့ငွေတွေနဲ့ ကားတစ်စီးကို ဝယ်လိုက်ပါတယ်။ သော့ပ် ကားအသစ်ရတော့ ကျောင်းကို မောင်းသွားပြီးတော့ သူ့ကားကို ကျောင်းအုပ်ကြီးရဲ့ ကားရပ်တဲ့နေရာမှာ ရပ်လိုက်ပါသေးတယ်။

သော့ပ် ဟာ ဂိမ်းဆော့ကျွမ်းကျင်ပြီး ဝင်ငွေတောင်ရှာနိုင်သူဖြစ်ပေမယ့် သူ့ရဲ့ ပညာရေးကတော့ မကောင်းလှပါဘူး။ ဒါကြောင့် ဆရာမက သူ့ကို ခေါ်တွေ့ရပါတယ်။ သော့ပ် အိမ်ပြန်ရောက်တော့လည်း သူ့ရဲ့ မိဘတွေက ဝိုင်းဆူကြပါတယ်။ ဘာလို့လဲဆိုတော့ သူတို့က သော့ပ် လုပ်နေတာကို နားမလည်ကြလို့ပါ။ ဂိမ်းဆော့ပြီး ငွေရှာလို့ရတယ်ဆိုတာလည်း မယုံကြည်ကြပါဘူး။

အဲဒီခေတ်၊ အဲဒီအချိန်တုန်းက အွန်လိုင်းကနေ ငွေရှာတာဟာ ဘယ်တုန်းကမှ မရှိခဲ့တဲ့အရာတစ်ခုမို့ လူကြီးတွေကို နားလည်အောင် ရှင်းပြဖို့ အရမ်းခက်ခဲပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ်ပါ၊ သော့ပ် ရဲ့ အဖေက သူ ကျောင်းပြီးအောင် တက်ရမယ်လို့ အတိအကျ ပြောလိုက်ပါတယ်။ ကျောင်းမပြီးရင် ဘဝရှေ့ရေးမှာ သူများခိုင်းဖက်ဖြစ်လိမ့်မယ်လို့ ဆုံးမပါတယ်။

ကျတော်တို့ငယ်ငယ်က စာမကျက်ရင် နွားဖြစ်မယ်လို့ လူကြီးတွေပြောတတ်ကြသလိုပေါ့။

ဪ ... ခုတော့လည်း ဘွဲ့ရပညာတတ်တွေက စားပွဲထိုးလုပ်နေတာနဲ့၊ ပန်းရံလုပ်နေတာနဲ့၊ ဒေါက်တာဘွဲ့ကြီးနဲ့ နိုင်ငံခြားမှာ ပြည့်တန်ဆာလုပ်နေတဲ့ သတင်းတောင် ကြားမိပါသေးရဲ့။ထားလိုက်ပါတော့လေ။

အဲဒီလိုနဲ့ အချိန်တွေ ကုန်လွန်သွားပါတယ်။ပြောင်းလဲမှုအနေနဲ့ သော့ပ် ဟာ ဆံပင်ကို ရွှေရောင်ဆိုးထားပေမယ့် အရင်လို ဂိမ်းဆော့ပြီး ငွေရှာနေတုန်းပါပဲ။

အခုတော့ သူ အထက်တန်းကို ပြီးသွားပုံရပါတယ်။ ဒါပေမဲ့ တက္ကသိုလ်ဝင်တန်း စာမေးပွဲက မအောင်ပါဘူး။

သူ့ရဲ့ မိဘတွေက တက္ကသိုလ်ဝင်တန်း စာမေးပွဲအကြောင်း မေးတော့ သူက ပုဂ္ဂလိက တက္ကသိုလ် တက်မယ်ဆိုပြီး လှည့်ပြောပါလိုက်ပါတယ်။

တစ်နှစ်ကို ကျောင်းလခ ဘတ် ငါးသောင်း၊ ခြောက်သောင်းလောက်ပဲ ရှိတာပါ။ သော့ပ်မှာ ပိုက်ဆံရှိတယ်၊ သူ့ဘာသာ ကျောင်းလခ ပေးနိုင်တယ်လို့ ပြောပါတယ်။ ဒါပေမဲ့ သော့ပ်ရဲ့ အဖေက သဘောမတူပါဘူး။

ဘာလို့လဲဆိုတော့ သော့ပ်က ငွေကို အရမ်းဖြုန်းတီးပြီး အခု သော့ပ် ရဲ့ မိသားစုမှာ ငွေရေးကြေးရေး အခက်အခဲတွေ ရှိနေပုံလည်း ရပါတယ်။

ဒါပေမဲ့ ကလေးတစ်ယောက်အနေနဲ့ သူက ဒီအကြောင်းကို နားမလည်သေးပါဘူး။ ဒါ့အပြင် ကံဆိုးချင်တော့ သူ ဘော့(bot)တင်ထားတဲ့ ဂိမ်းအကောင့်တွေကလည်း ပိတ်ခံလိုက်ရပါတယ်။

ဒါကြောင့် သော့ပ်က ငွေရှာဖို့ တခြားနည်းလမ်းတွေကို ရှာရပါတော့တယ်။ အဲဒီနောက်မှာတော့ သူက ဂိမ်းဆိုင်ကို သွားပါတယ်။ အဲဒီဆိုင်မှာ ဂိမ်းတွေ ရောင်းသလို တရုတ်လုပ် DVD Player တွေလည်း ရောင်းပါတယ်။ တော့ပ်က အရင်ကလည်း စျေးဆစ်ဖူးပါတယ်။ ဒီတစ်ခါလည်း အရင်အတိုင်း စျေးဆစ်ပါတယ်။

ပုံမှန်အားဖြင့် DVD စက်တလုံးကို ဘတ် ၈၀၀ နဲ့ ရောင်းပါတယ်။သော့ပ်က စက်အလုံး ၅၀ ကို တလုံးဘတ် ၅၀၀ ဈေးနဲ့ ဝယ်လိုက်ပါတယ်။

ဆိုတော့ တကယ်လို့ စက်အလုံး ၅၀ စလုံးကို ဘတ် ၈၀၀ နဲ့ ပြန်ရောင်းနိုင်မယ်ဆိုရင် သူ့အတွက်ကျန်ရှိမယ့်အမြတ်ငွေက မနည်းပါဘူး။ဒါကတော့ သော့ပ်ရဲ့ စီးပွားရေးအသစ်ပါ။

ဒါပေမဲ့ ထင်သလိုမဖြစ်လာပါဘူး။မရောင်းရသေးခင်မှာ အိမ်ကို ယူလာပြီး သူ့အမေကို ဖွင့်ပြပါတယ်။အဲ့ဒီမှာ တရုတ်စက် တရက်စုတ် ဆိုတာကို မျက်မြင်ကိုယ်တွေ့ ခံစားရပါတော့တယ်။စက်တွေ တလုံးမှ အလုပ်ကောင်းကောင်းမလုပ်ပါဘူး။  တကယ်ကို ကံဆိုးတာပါပဲ။သော့ပ်က စက်တွေကို ဆိုင်ကို ပြန်သွင်းတော့လည်း ဆိုင်ရှင်က တာဝန်မယူပါဘူး။

ဒီစက်တွေက အာမခံမပါသလို သူနဲ့လည်းမဆိုင်ဘူးဆိုပြီး မျက်နှာပြောင်တိုက်ပါတယ်။ သော့ပ် အရမ်းစိတ်ဆိုးသွားပြီး စက်တွေကို မှန်ခုံထဲ ပစ်ထည့်လိုက်တော့ မှန်ခုံကွဲသွားပါတယ်။ ဆိုင်ရှင်ကလည်း သော့ပ်ကို ပါးရိုက်ပြီး ကန်ထုတ်လိုက်ပါတယ်။ အဲဒီနောက် သော့ပ် ကားမောင်းပြီး အိမ်ပြန်နေတုန်းမှာ လမ်းလျှောက်ပြီး ပြန်လာနေတဲ့ သူ့အဖေကိုတွေ့လို့ ခေါ်တင်လိုက်ပါတယ်။

တော့ပ်ရဲ့ အဖေကလမ်းမှာ သူ့ကို သင်ခန်းစာပေးနေပါတယ်၊ ဒါက စီးပွားရေးလောကပဲကွ၊ ဘာမှ မလွယ်ဘူး။ ငါတို့လို လူကြီးတွေတောင် အသားကုန် ရုန်းနေရတာလို့ ပြောပါတယ်။

အဲဒီနောက်မှာတော့ အဖေက သော့ပ်ကို ကျောင်းပြီးအောင်တက်ဖို့နားချပြီးတော့ ငွေတထပ်ကြီး ထုတ်ပေးပါတယ်။

ဒါပေမဲ့ သော့ပ်က ငြင်းလိုက်ပြီး သူက အဖေ့ရဲ့ ဝန်ထမ်းမဟုတ်ဘူး၊ အဖေငွေပေးပြီး ခိုင်းချင်တာ ခိုင်းလို့မရဘူးလို့ ပြောပါတယ်။

ဒါပေမယ့် နောက်တစ်နေ့မှာတော့ သူက သူ့အဖေရဲ့ တန်ဖိုးကြီးအဆောင်ကို ခိုးပြီး ရောင်းစားဖို့ လုပ်ပါတော့တယ်။

အဆောင်ရောင်းဝယ်တဲ့ဆိုင်က ဘုရားပုံအဆောင်ကို စစ်ဆေးပြီး ဘယ်လောက်နဲ့ ရောင်းမှာလဲလို့ မေးပါတယ်။

သော့ပ်က တုံ့ဆိုင်းပြီး တွန့်ဆုတ်ဆုတ် ဖြစ်နေပါတယ်။

ပြီးတော့မှ မရဲတရဲနဲ့ ဘတ်တသိန်းလိုချင်ကြောင်းနဲ့ အဲဒါကို ကျွန်တော် ပညာရေးအတွက် သုံးမှာပါလို့ ပြောပါတယ်။

ထိုင်းလူမျိုးတွေဟာ ဟိုနိုင်ငံကလိုပဲ အယူသီးကြသူများပြီးတော့ ဒီလိုအဆောင်မျိုးကို ဘတ်သောင်းဂဏန်း ကနေ သန်းဂဏန်းအထိ ပေးဝယ်တတ်သူတွေ အများကြီးရှိပါတယ်။

ဆိုင်ရှင်က သူ့စကားကို တော်တော်လေး စဉ်းစားနေပုံလုပ်ပြပါတယ်။ ပေးရမလား၊ မပေးရဘူးလားပေါ့။ နောက်ဆုံးမှာတော့ ပညာရေးကိုထောက်ပံ့တဲ့သဘောဆိုပြီး တစ်သိန်းနဲ့ ဈေးတည့်သွားကြပါတယ်။

အဲဒါကြောင့် သော့ပ် တက္ကသိုလ်မှာ ဆက်တက်နိုင်ဖို့ ငွေရခဲ့တာပါ။

နောက်ပိုင်းမှာတော့ သော့ပ်က သူ့ရဲ့ ချစ်သူ နမ်း ဆီကို သွားပါတယ်။ သော့ပ်က သူမနဲ့ချစ်သူဖြစ်တာ သိပ်မကြာသေးပါဘူး။

အခုတော့ သော့ပ်က သူမနဲ့ အပြင်မှာ လျှောက်လည်ဖို့ ခေါ်နေပါတယ်။

ဒါပေမဲ့ နမ်း က မအားလို့ မသွားနိုင်ပါဘူး။ သူက ပြဇာတ်အတွက် လေ့ကျင့်နေရလို့ဖြစ်ပြီး စိတ်မဆိုးပါနဲ့လို့ ပြောပါတယ်။ သော့ပ်လည်း ဟာ၊ ဘာလဲ၊ ချစ်သူတွေ ဖြစ်နေတာတောင် အချိန်မပေးနိုင်ဘူးလားလို့ ဆိုပြီး ပြဿနာလုပ်ပါတယ်။

ဒါပေမယ့် တကယ့်ပြဿနာက သော့ပ်အနေနဲ့ အရမ်းကို အားလွန်းနေတာဖြစ်ကြောင်းနဲ့ အကျိုးရှိတာတခုခု ရှာလုပ်သင့်ကြောင်း ပြောလိုက်ပါတယ်။

သူလည်း ကောင်မလေးနဲ့အတူ အပြင်မသွားနိုင်တော့ တယောက်တည်း ငေါင်စင်းစင်းနဲ့ ကားလျှောက်မောင်းနေပါတယ်။

ပြီးတော့ မောင်တောင်မြို့ကို ရောက်သွားခဲ့ပါတယ်။

ဒီချိန် မောင်တောင်မြို့မှာ စီးပွားရေးပြပွဲတွေ ဘာတွေ လုပ်နေတာနဲ့ တည့်တည့်တိုးပါတယ်။

အဲဒီပွဲမှာ မုန့်ပေါင်းစက်တွေ၊ ဂဏန်းပေါင်းစက်တွေ ရှိပါတယ်။ ဒါပေမဲ့ သော့ပ်က သစ်အယ်သီးလှော်စက်ကို သွားပြီး စိတ်ဝင်စားနေပါတယ်။

တော့ပ် သစ်အယ်သီးလှော်စက်ကို မြင်တော့ အရမ်းစိတ်လှုပ်ရှားစွာနဲ့ ဝန်ထမ်းဆီကို သွားမေးလိုက်ပါတယ်၊ ကျွန်တော် ဒီစက်ကို ဝယ်ရင် ပထမဆုံးပိုင်ရှင် ဖြစ်မှာလားလို့ မေးပါတယ်။ ပြီးတော့ ဝန်ထမ်းကို စျေးနှုန်း မေးပါတယ်။

ဝန်ထမ်းက ပြန်ပြောပါတယ်၊ ညီလေး၊ ဒါက စျေးကြီးတယ်နော်လို့ ပြောပါတယ်။ တော့ပ်က ချက်ချင်း ပြန်ပြောပါတယ်၊ စျေးကြီးလား၊ မကြီးဘူးလားဆိုတာကို ကျွန်တော် မေးတာ မဟုတ်ဘူး။ စျေးဘယ်လောက်လဲလို့ မေးတာလို့ ပြောပါတယ်။ ဒီစက်ရဲ့ စျေးနှုန်းက ဘတ် ၅ သိန်းပါ။ဒါပေမယ့် ဒီနေ့က နောက်ဆုံးရက်မို့ သော့ပ်က ဒီစက်ကို တစ်လ ဘတ် ၅၀,၀၀၀ နဲ့ အငှားရလိုက်ပါတယ်။

အိမ်ပြန်ရောက်တော့ တော့ပ်ရဲ့ အဖေက ဒါ ဘာစက်လဲလို့ မေးပါတယ်။ တော့ပ်က သူ့အဖေကို ပြောပြပါတယ်၊ ဒါက သစ်အယ်သီးလှော်စက်ပါ။ အဖေ ဒီနိုင်ငံမှာ ကျွန်တော်က ပထမဆုံးပိုင်ရှင်ပဲ။ဒီစက်ကို ဂျပန်ကနေ တင်သွင်းထားတာပါ။ ပုံမှန်ဆိုရင် ဘတ် ၅ သိန်းနဲ့ ရောင်းကြပါတယ်။ ဒါပေမဲ့ ကျွန်တော်က ဘတ် ၅၀,၀၀၀ နဲ့ပဲ ရခဲ့တာပါလို့ ပြောပါတယ်။

နောက်ဆုံးမှာတော့ သော့ပ်ရဲ့ အဖေက အရင်အတိုင်း မကျေမနပ်ပဲ ဖြစ်သွားရပါတယ်။ ပြီးတော့ ဒီလိုစက်မျိုး ပန်းပဲတန်းဖက်မှာ ဘတ်သုံးသောင်းလောက် နဲ့ မှာလို့ရတယ်လို့ ပြောလိုက်ပါတယ်။

ဒါကတော့ သော့ပ် ဘာမှ မစဉ်းစားဘဲ လုပ်မိလို့ နောက်တကြိမ်ဂျင်းမိသွားခဲ့တာပဲ ဖြစ်ပါတယ်။

မနက်ရောက်တော့ သော့ပ် က ကျောင်းရောက်ပေမဲ့ သူ့စိတ်က တခြားမှာ ရောက်နေပါတယ်။သူက သစ်အယ်သီးလှော်တဲ့ အကြောင်းပဲ စဉ်းစားနေပါတယ်။ ပြီးတော့ သူက သစ်အယ်သီးရဲ့ မူရင်းအရသာကို ရှာဖို့ ယဝလာ့ဖက်ကို သွားပါတယ်။ ပြီးတော့ ဆိုင်တွေမှာ လိုက်မေးပါတယ်။ လိုက်မှတ်သားပါတယ်။

ဘာလို့လဲဆိုတော့ သူက မေးမြန်းတာဟာ အကုန်အကျအသက်သာဆုံးနဲ့ လက်တွေ့အကျဆုံးနည်းလမ်းကို ရနိုင်တယ်ဆိုတာ သိနေတာပါ။

ဒီလိုနဲ့ နောက်ဆုံးမှာတော့ သော့ပ်က သူ့ရဲ့ ကိုယ်ပိုင် သစ်အယ်သီးအရသာကို ဖန်တီးနိုင်ခဲ့ပါတယ်။ သူလှော်ထားတဲ့ သစ်အယ်သီးကို ဦးလေး ထူးရောင်ကို မြည်းခိုင်းပါတယ်။ သူ့အမေကို မြည်းခိုင်းပါတယ်။ ပြီးတော့ သူ့အဖေရဲ့ သူငယ်ချင်းတွေကို မြည်းခိုင်းပါတယ်။

အားလုံးက ဒီသစ်အယ်သီးက အရမ်းကောင်းတယ်၊ ယဝလာ့က ဝယ်လာတာနဲ့ အရသာတူတူပဲလို့ ပြောကြပါတယ်။ အဲဒီနောက်မှာတော့ သော့ပ်က ကုန်တိုက်မှာ အရောင်းနေရာ လျှောက်ဖို့ လျှောက်လွှာ တင်ပါတယ်။

ပြီးတော့ သော့ပ်ရဲ့ ဆိုင်နာမည်ကို ထောက်ကယ်နွဲ့ လို့ပေးထားပြီး အဓိပ္ပါယ်ကတော့ (သူဌေးလေး) ပဲဖြစ်ပါတယ်။

ထောက်ကယ်နွဲ့ ဆိုတဲ့ နာမည်ကတော့ သော့ပ်ရဲ့ အဖေက သူ့သူငယ်ချင်းတွေနဲ့ စနောက်ရင်း ပြောခဲ့တဲ့ စကားကနေ လာတာပါ။ သော့ပ်က စီးပွားရေးပဲ လုပ်ချင်နေတဲ့ သူဌေးလေးလို့ ပြောခဲ့တာပါ။ သော့ပ်က ဒီနာမည်ကို သဘောကျပြီး သူ့ဆိုင်နာမည်အဖြစ် သုံးဖို့ ဆုံးဖြတ်လိုက်ပါတယ်။

အရောင်းနေရာရပြီး ပထမဆုံးရက်မှာ ရောင်းချတဲ့အခါ သူက ၆ ထုပ်ပဲ ရောင်းနိုင်ခဲ့ပါတယ်။ သူ ယူလာတာက ၂၀ ကီလိုဂရမ်နီးပါးပါ။

နောက်ပိုင်းမှာတော့ သော့ပ်က သူ့ရဲ့ ချစ်သူနဲ့အတူ ပစ္စည်းတွေ သွားဝယ်နေတုန်းမှာ စာရွက်နဲ့ ဘောပင်ကို ယူသွားပါတယ်။ပြီးတော့ ဈေးထဲက ဈေးသည်အမျိုးမျိုးရဲ့ ဈေးရောင်းခြင်း အနုပညာကို လိုက်ရေးမှတ်နေပါတယ်။

နောက်ဆုံးမှာတော့ သော့ပ်က သူ့ရဲ့ စီးပွားရေးမှာ လိုအပ်နေတာက နေရာကောင်းတစ်ခုပဲ ဆိုတာကို တွေးမိသွားပါတယ်။

အဲဒီနောက်မှာတော့ သူက ကုန်တိုက်ရဲ့ အရှေ့ပိုင်းဇုန်ကို ပြောင်းဖို့ တောင်းဆိုပါတယ်။ ဒါပေမဲ့ ရှေ့ပိုင်းဇုန်က နေရာပြည့်နေပါပြီ။ နောက်တစ်ကြိမ် နေရာရဖို့က နောက်လအထိ စောင့်ရပါတယ်။

ဒါပေမဲ့ သော့ပ်က အခုချက်ခြင်း စာချုပ်ချုပ်ပြီး ငွေပေးချေနိုင်ရင် ချက်ချင်း နေရာရနိုင်ပါတယ်။ သော့ပ်လည်း တွန့်ဆုတ်မနေဘဲ အဲဒီနေ့မှာပဲ စာချုပ်ချုပ်လိုက်ပါတယ်။

နောက်ပိုင်းမှာတော့ သော့ပ်က မဖြစ်မနေ ဖြေရမယ့် ဘာသာရပ်စာမေးပွဲကို ဖြေနေတုန်းမှာ ဖုန်းမြည်လာပါတယ်။ အဲဒါက ‌သော့ပ်ရဲ့ ဖုန်းပါပဲ။

သော့ပ်က ဖုန်းကိုင်ဖို့ ထွက်သွားချင်ပေမဲ့ ဆရာက ခွင့်မပြုပါဘူး။ ဖုန်းကိုင်ရင် စာမေးပွဲအတွက် မသမာမှု လုပ်တယ်လို့ သတ်မှတ်မှာပါ။စာခိုးချတာမျိုးကို ကာကွယ်တဲ့အနေနဲ့ပါ။

စာမေးပွဲပြီးချိန်မှာ ဖုန်းပြန်ဆက်လိုက်တော့ ဦးလေး ထူးရောင်က သစ်အယ်သီးတွေ ထပ်ယူလာဖို့ ပြောခဲ့တာပါ။သော့ပ်က သူ့ဆိုင်ကို ပြန်ရောက်တော့ ဝယ်မယ့်သူတွေက ဆိုင်ရှေ့မှာ တန်းစီစောင့်နေကြတာကို တွေ့လိုက်ရပါတယ်။

ပထမဆုံးရက်မှာ အရမ်းရောင်းကောင်းတာကို မြင်တော့ သော့ပ်က ဦးလေး ထူးရောင်ကို ဆိုင်ခွဲဖွင့်လိုက်ရအောင်လို့ ပြောပါတယ်။

ဦးလေး ထူးရောင်က ဟေ့ကောင် သော့ပ်၊ မင်း စိတ်အေးအေးထားပါဦး။ မင်း ဆိုင်ဖွင့်တာ ပထမဆုံးရက်ပဲ ရှိသေးတယ်လို့ ပြောပါတယ်။

ဒါပေမဲ့ သော့ပ်က စိတ်မြန်တဲ့သူပါ။ သူက သူ့ခေါင်းထဲမှာ ကိန်းဂဏန်းတွေကို တွက်ချက်နေပါတယ်။ နောက်ဆုံးမှာတော့ သော့ပ်က ဆိုင်ခွဲ ၂၊ ၃၊ ၄၊ ၅ တွေကို ဆက်တိုက်ဖွင့်ချလိုက်ပါတယ်။

ဒါပေမဲ့ သူ့ရဲ့ စီးပွားရေး အဆင်ပြေနေတဲ့အချိန်မှာ ပြဿနာနဲ့ အတားအဆီးတွေ ထပ်ပေါ်လာပါတယ်။ သူ့ရဲ့ သစ်အယ်သီးလှော်စက်က မီးခိုးတွေ ထွက်ပါတယ်။ ပြီးတော့ အဲဒီမီးခိုးတွေက မျက်နှာကျက်ကို ထိခိုက်ပြီး ညိုမည်းသွားစေပါတယ်။ ကုန်တိုက်မန်နေဂျာက ဒီအကြောင်း သူ့ကို သတိပေးပါတယ်။ သော့ပ်ကလည်း မျက်နှာကျက်ကို ဆေးအသစ်ပြန်သုတ်ပြီး ပြဿနာကို ဖြေရှင်းဖို့ ကြိုးစားပါတယ်။

သူ ဆေးသုတ်နေတဲ့နေ့မှာ လုံခြုံရေးအစောင့် ရောက်လာပြီးတော့ ခွင့်ပြုထားတဲ့အချိန် ကုန်သွားပြီလို့ လာပြောပါတယ်။

ဒါပေမဲ့ သော့ပ်က နည်းနည်းလေးပဲ ကျန်တော့တယ်... ခဏလေးပဲ စောင့်ပါလို့ ပြောပါတယ်။လုံခြုံရေးအစောင့်က လက်မခံပါဘူး။သော့ပ်လည်း ငွေ ၅၀၀ ထုတ်ပေးလိုက်ပါတယ်။

ဒါပေမယ့် လုံခြုံရေးအစောင့်က လက်မခံဘဲ မကျေမနပ်နဲ့ သော့ပ်ကို ငွေပြန်ပေးပြီး ဆဲပါတော့တယ်။

ဘေးနားမှာရှိနေတဲ့ သူ့မိခင်ကိုလည်း

ကိုယ့်သားကို ကောင်းကောင်းမဆုံးမထားဘူးလား ..ဘာလားတွေ ရင့်ရင့်သီးသီးပြောဆိုပါတယ်။

နောက်ဆုံးမှာတော့ ဆေးသုတ်တာမပြီးသေးပဲနဲ့ ကုန်တိုက်ထဲက ပြန်ထွက်လာခဲ့ရပါတယ်။

အပြင်ရောက်တော့လည်း သော့ပ်နဲ့ သူ့အမေတို့ အကြီးအကျယ် စကားများကြပါတယ်။ အမေက ပစ္စည်းတွေကို အမြန်သိမ်းပြီး တရုတ်ပြည်ကို ထွက်ပြေးဖို့ ပြင်ဆင်ခိုင်းပါတယ်။

အကြောင်းကတော့ သော့ပ်တို့ မိသားစုရဲ့ လုပ်ငန်းတိုင်းက အရှုံးပေါ်တာကြောင့် ခုချိန်မှာ အကြွေးဘတ် သန်း ၄၀ လောက် တင်နေလို့ပါ။

ဒါပေမဲ့ သော့ပ်က ဘယ်မှ မသွားပါဘူး။ သူက ဆေးဆက်သုတ်ပြီး သူ့ရဲ့ စီးပွားရေးကိုပဲ ဆက်လက်တိုးတက်အောင် လုပ်ပါတယ်။

ဒါပေမဲ့ ကံကြမ္မာက မျက်နှာသာမပေးခဲ့ပါဘူး။

နောက်ဆုံးမှာတော့ ကုန်တိုက်က သော့ပ်ရဲ့ ဆိုင်ခန်းတွေကို အားလုံး ဖယ်ရှားဖို့ ဆုံးဖြတ်လိုက်တာကြောင့်ပဲ ဖြစ်ပါတယ်။

ရက်အနည်းငယ် ကြာပြီးနောက်မှာတော့ တော့ပ်က သူ့ရဲ့ ချစ်သူကို ခေါ်ပြီး အပြင်သွားဖို့ ပြင်နေပါတယ်။ ဒါပေမဲ့ ကားမောင်းနေတုန်းမှာ သူ့ခေါင်းထဲမှာ စီးပွားရေးအကြောင်းပဲ တွေးနေမိပါတယ်။

ရုတ်တရက် သူ့ရဲ့ ချစ်သူ နမ်း က ရေညှိကြော်တစ်ခုကို သော့ပ်ကို ကျွေးလိုက်ပါတယ်။ သော့ပ် လည်း တခုစားမိရာက မရပ်မနား ဆက်တိုက် တခုပြီးတခု စားနေပါတော့တယ်။ သူ့ကိုယ့်သူ မရပ်နိုင်အောင် စားနေမိပါတယ်။

ဒီတော့ သေချာတာပေါ့၊ သော့ပ်ရဲ့ စီးပွားရေးအသစ်က ရေညှိကြော် ရောင်းတဲ့ စီးပွားရေးဖြစ်လာတာပါပဲ။

စီးပွားရေးစလုပ်တဲ့ အချိန်မှာတော့ သော့ပ်က အရင်အတိုင်း ပြဿနာတွေ တသီကြီးနဲ့ ကြုံရပါတယ်။ သူ ဝယ်လာတဲ့ ရေညှိတွေက ရက်အနည်းငယ်ကြာတော့ အနံ့ဆိုးတွေ ထွက်လာပါတယ်။

ဒါကြောင့် သော့ပ်က နိုင်ငံတော်ရဲ့ စီးပွားရေးတက္ကသိုလ်ကို သွားဖို့ ဆုံးဖြတ်လိုက်ပါတယ်။ပြီးတော့ သူ ဂိမ်းဆော့ပြီး ငွေရှာခဲ့တာတွေ၊ အဖေ့အဆောင်ကို ခိုး ရောင်းခဲ့တာတွေ၊ တရုတ်ထုတ် DVD စက်တွေနဲ့ လိမ်လည်ခံခဲ့ရတာတွေ၊ သစ်အယ်သီးရောင်းခဲ့တာတွေ၊ ဆိုင်တွေ ပျက်စီးခဲ့တာတွေ အပါအဝင် သူ့ဘဝမှာ ဖြစ်ခဲ့တဲ့ အကြောင်းအရာတွေ အားလုံးကို ပြောပြပါတယ်။

ဇာတ်နာပြတာပေါ့။သူ့ရဲ့ဖြစ်ရပ်မှန်ဇာတ်လမ်းကြောင့် ဆရာမကြီးခမျာ မျက်ရည်တောင် ကျရှာပါတယ်။

နောက်ဆုံးမှာတော့ ဆရာမက သနားဂရုဏာစိတ် ယိုဖိတ်စွာနဲ့ ရေညှိကို အချိန်ကြာကြာ သိမ်းထားနိုင်ဖို့ လေလုံအောင် ဘယ်လိုပိတ်ရမလဲဆိုတာကို သင်ပေးခဲ့ပါတယ်။ အဲဒီနောက်မှာတော့ သော့ပ်က သူ့မှာရှိတဲ့ သစ်အယ်သီးလှော်တဲ့ စက်တွေကို ရောင်းထုတ်ပြီး ရလာတဲ့ငွေနဲ့ ရေညှိဝယ်ပြီး ကြော်ဖို့ လုပ်ပါတော့တယ်။

သော့ပ်က ဦးလေး ထူးရောင်ကို ရေညှိကြော်ခိုင်းပါတယ်။ ဒါပေမဲ့ ဦးလေး ထူးရောင်က ကြော်လိုက်တိုင်း ပျက်စီးနေပါတယ်။တခုမှ စားလို့အဆင်ပြေမနေပါဘူး။

သူဝယ်ထားတဲ့ရေညှိတွေဟာ ကြာလေ ကြော်လေ ပျက်စီးလေပါပဲ။ ဘတ်ငွေသိန်းနဲ့ချီပြီး ဆုံးရှုံးသွားပေမဲ့ ရေညှိက အရသာမရှိသေးပါဘူး။

ဦးလေး ထူးရောင် ရေညှိကြော်ရင်းနဲ့ တနေ့မှာတော့ မေ့လဲနေလို့ ဆေးရုံတင်လိုက်ရပါတယ်။

ဒါကြောင့် သော့ပ်ကိုယ်တိုင် ဝင်ကြော်ရပါတယ်။ဒီလိုနဲ့ သူ့ရဲ့မဆုတ်နစ်တဲ့ ဇွဲလုံ့လကြောင့် တနေ့မှာတော့ အသီးအပွင့်တွေ မြင်ရပါပြီ။

မိုးရေစိုနေတဲ့ ရေညှိတထုပ်ကို ကြော်လိုက်မိရာက အရသာရှိတဲ့ရေညှိကြော်နည်းကို ရှာတွေ့ခဲ့ပါတယ်။

နောက်ဆုံးမှာတော့ သော့ပ်က အရသာရှိတဲ့ ရေညှိကြော်ကို အောင်မြင်စွာ ကြော်နိုင်ခဲ့ပါတယ်။

ဒါပေမဲ့ ရေညှိကို အရသာရှိအောင် ကြော်နိုင်ပေမဲ့ ဘယ်မှာ သွားရောင်းရမလဲဆိုတာကို မသိသေးပါဘူး။

တစ်ညမှာတော့ သော့ပ်က စားစရာတစ်ခုခု ရှာဖို့ ဆဲဗင်းအလဲဗင်းကို သွားပြီးတော့ အပြင်ကို ပြန်ထွက်လာတော့ သူ သင်ခဲ့ဖူးတဲ့ စျေးကွက်သီအိုရီတစ်ခုကို သတိရသွားပါတယ်။

အဲဒါကတော့ မြို့ကို ဝိုင်းထားတဲ့ တောအုပ်သီအိုရီပါပဲ။ သူက ဆဲဗင်းအလဲဗင်းကို ကြည့်လိုက်ပါတယ်။ ဆဲဗင်းအလဲဗင်းက နေရာတိုင်းမှာ ရှိနေတာပဲ။ဒါကြောင့် ဆဲဗင်းအလဲဗင်းက မြို့ကို ဝိုင်းထားတဲ့ တောအုပ်နဲ့ တူတယ်လို့ သူ ထင်ပါတယ်။

သူ ဆဲဗင်းအလဲဗင်းထဲကို ပြန်ဝင်သွားပြီး သူ့ရဲ့ ပစ္စည်းတွေကို ဆဲဗင်းအလဲဗင်းမှာ တင်ရောင်းဖို့ ဆက်သွယ်လိုက်ပါတယ်။

ဒီလိုနဲ့ ဆဲဗင်းအလဲဗင်းရဲ့ ရုံးချုပ်ကို ရောက်လာပါပြီ။

သော့ပ်က ငယ်ရွယ်ပြီး အတွေ့ကြုံနုသလို ဒီလိုကိစ္စမျိုးကို ဘယ်တုန်းကမှ မလုပ်ဖူးသူပီပီ နာမည်စာရင်း မပေးဘဲ မနက်ကနေ ညနေအထိ ထိုင်စောင့်နေပါတယ်။ နောက်ဆုံးမှာ ဆဲဗင်းမှာ ပစ္စည်းတင်ရောင်းခွင့်ကို ဆုံးဖြတ်ပေးတဲ့ ဖိပွန်နဲ့ တွေ့ပါတယ်။ ဖိပွန်က သော့ပ်ရဲ့ ရေညှိကို ၁ မိနစ်တောင် မကြည့်ဘဲ မင်းရဲ့ ပစ္စည်းက အရည်အသွေး မမီဘူးလို့ ပြောပါတယ်။ ဖိပွန်က ဒီဇိုင်းက ပုံမလာသလို အရွယ်အစားက ဆဲဗင်းရဲ့ စင်ပေါ်မှာ တင်ဖို့ အရမ်းကြီးနေတယ်လို့ ပြောပါတယ်။ ရောင်းစျေး ဘယ်လောက်လဲလို့ မေးတော့ သော့ပ်က အရမ်းကြီး မများပါဘူး၊ ၈၀ ဘတ်တည်းပါလို့ ပြောပါတယ်။ ဖိပွန်က စျေးကြီးတယ်လို့ ချက်ချင်း ပြန်ပြောပါတယ်။

ဘာလို့လဲဆိုတော့ ဆဲဗင်းဆိုတာ လွယ်ကူချောမွေ့စွာ ဝယ်ယူနိုင်မယ့်နေရာ။ဒါက ၈၀ ဘတ်ဆိုတော့ လူတွေအတွက် ဝယ်ရတာ မလွယ်ကူတော့ဘူးလို့ ထင်မှာပဲဆိုပြီး ပြောပါတယ်။

ပြီးတော့ ဖိပွန်က တကယ်တော့ မြို့ကို ဝိုင်းထားတဲ့ တောအုပ်သီအိုရီက နယ်မြို့တွေကနေ စျေးကွက်ကို ဖြည်းဖြည်းချင်း ဝင်ရတာလို့ မှတ်ချက်ပေးပါတယ်။ သော့ပ်က ဒီတစ်ကြိမ်မှာ ကြီးမားတဲ့ စိတ်ပျက်စရာ သင်ခန်းစာကို ရခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ သော့ပ်က သူ့ရဲ့ ထောက်ကယ်နွဲ့ ရေညှိကို ပိုကောင်းအောင် ထုပ်ပိုးဖို့ ဒီဇိုင်းဆရာတွေ ဘာတွေနဲ့ သေချာပြန်လုပ်ပါတယ်။စိတ်တိုင်းကျ ပြင်ဆင်ပြီးတော့ သော့ပ်ဟာ ဖိပွန်ကို ပြန်တွေ့ဖို့ ဆဲဗင်းရုံးချုပ်ကို နောက်တစ်ကြိမ် သွားပါတယ်။

ဒါပေမဲ့  မနက်ကနေ ညနေ ၆ နာရီ၊ ၇ နာရီအထိ စောင့်ပေမဲ့ ဖိပွန်က ထွက်မလာပါဘူး။ ဖိပွန်က သူ့ကို မတွေ့ချင်တော့ဘူးဆိုတာကို သော့ပ် နားလည်လိုက်ပါတယ်။

ပြီးတော့ သူစိတ်ပျက်သွားပြီး ဓာတ်လှေကားနဲ့ ပြန်ဆင်းလာပါတယ်။သူက ဓါတ်လှေကားထဲမှာ တွေ့ရတဲ့ လုံခြုံရေးအစောင့်ကို ဘာစားပြီးပြီလဲလို့ မေးပါတယ်။ လုံခြုံရေးအစောင့်က ဘာမှ မစားရသေးဘူးလို့ ပြန်ဖြေတာနဲ့ သူရဲ့ ရေညှိကြော်တွေကို ပေးပစ်ခဲ့လိုက်ပါတယ်။

ပြီးတော့ သော့ပ်ဟာ မျှော်လင့်ချက်ကင်းမဲ့တဲ့ အရှုံးသမားတယောက်လို ခေါင်းငိုက်စိုက်နဲ့ သူ့အိမ်ကို ပြန်လာခဲ့ပါတယ်။

ဒါပေမယ့် မထင်မှတ်ပဲ တဖက်မှာတော့ ရောင်နီတွေ ထွန်းလင်းပါတော့တယ်။

ဓာတ်လှေကားထဲကို ဝင်လာတဲ့ လူတွေက ရေညှိကြော်မြင်တော့ ကို တစ်ထုပ် နှစ်ထုပ်စီ ယူပြီး စားကြည့်ကြပါတယ်။ ဖိပွန်လည်း အလုပ်ဆင်းချိန် ရောက်တော့ ဓာတ်လှေကားထဲကို လျှောက်လာပါတယ်။ ပြီးတော့ နောက်ဆုံးကျန်နေတဲ့ ရေညှိတစ်ထုပ်ကို တွေ့လိုက်ရပါတယ်။

ဒီလိုအကြောင်းတွေကြောင့်ပဲ နောက်တစ်နေ့ မနက်မှာတော့ သော့ပ်ဟာ ဆဲဗင်းမှာတင်ရောင်းမယ့် ထောက်ကယ်နွဲ့အကြောင်း ဆွေးနွေးဖို့ အစည်းအဝေးခန်းထဲမှာ ထိုင်နေခဲ့ပါပြီ။

ဒီအချိန်မှာတော့ သော့ပ်က ထောက်ကယ်နွဲ့ရေညှိကို ဆဲဗင်းဆိုင်ခွဲပေါင်း သုံးထောင်ကျော်အတွက် အရေအတွက် ခုနှစ်သောင်းကျော် ပို့ပေးဖို့ သဘောတူခဲ့ပါတယ်။

ပြီးတော့ နောက် ၁ လအကြာမှာ စက်ရုံရဲ့ GMP စစ်ဆေးမှု ရှိပါမယ်။အဲဒါက ကုန်ပစ္စည်းထုတ်လုပ်ပုံ စံချိန်စံညွှန်းတွေကို စစ်ဆေးတာပါ။ GMP စစ်ဆေးမှု မအောင်ရင် သော့ပ်ရဲ့ထုတ်ကုန်တွေကို ပယ်ချပစ်မှာ ဖြစ်ပါတယ်။

ဒါပေမယ့် ပြဿနာက သော့ပ်မှာ စက်ရုံဆောက်ဖို့ ငွေမရှိပါဘူး။သူ့အိမ်တောင်မှ ဘဏ်ကြွေးနဲ့ အသိမ်းခံလိုက်ရတာပါ။

အဲဒါကြောင့်ပဲ သော့ပ်ဟာ ဘဏ်မန်နေဂျာနဲ့ ငွေ ၁၀ သန်း ချေးဖို့ ဇာတ်လမ်းအစပိုင်းမှာ ပြောခဲ့တာပဲ ဖြစ်ပါတယ်။ဒါပေမဲ့ နောက်ဆုံးမှာတော့ သော့ပ်ကို ဘဏ်ကနေ ငွေမချေး‌ပေးနိုင်ပါဘူး။

ဘာလို့လဲဆိုတော့ သူက အသက် ၂၀ မပြည့်သေးသလို သူ့မိသားစုကိုလည်း တရားရုံးက တရားစွဲထားလို့ပါ။

ဆမွတ်ပရာကန်မြို့မှာရှိတဲ့ သူ့အိမ်ကိုလည်း ဘဏ်ဖက်ကနေ လေလံတင်ရောင်းဖို့ ပြင်ဆင်နေပါတယ်။တကယ်ကို တော့ပ်အတွက် ရှေ့ဆက်ဖို့ လမ်းမရှိတော့ပါဘူး။ နောက်ဆုံးမှာတော့ သူက သူ့ရဲ့ ကားကို ကားဝယ်ရောင်းဆိုင်မှာ ရောင်းစားလိုက်ပါတယ်။

တော့ပ်မှာ ငွေရလာတော့ သူရောင်းခဲ့ဖူးတဲ့ အဆောင်ကို တစ်သိန်းနဲ့ ပြန်ဝယ်ဖို့ သွားပါတယ်။ဒါပေမဲ့  အဲဒီတုန်းက သူလိမ်လည်ခံလိုက်ရတာပါ။ သူရောင်းခဲ့တဲ့ ဘုရားပုံအဆောင်က တန်ဖိုး ဘတ်သန်းနဲ့ချီ ရှိပါတယ်။

သော့ပ် က အတင်းပြန်တောင်းဝယ်တော့ ဆိုင်ရှင်က သေနတ်ထုတ်ပြီး ခြိမ်းခြောက်ပါတယ်။ဒါကြောင့် သော့ပ် ဘာမှ မတတ်နိုင်ဘဲ ထွက်ပြေးခဲ့ရပါတယ်။ နောက်ဆုံးမှာတော့ သော့ပ်က သူ့မှာရှိတဲ့ ငွေအားလုံးကို သုံးပြီး သူ့ရဲ့ စက်ရုံကို ပြုပြင်မှုလုပ်ဖို့ လူငှားလိုက်ပါတယ်။ သူ တည်ထောင်ထားတဲ့ စက်ရုံကတော့ ဘဏ်က လေလံတင်ရောင်းဖို့ စောင့်နေတဲ့ တိုက်ခန်းပါပဲ။

ဆဲဗင်းဖက်က GMP စစ်ဆေးရေးအဖွဲ့ ရောက်လာတော့ ဖိပွန်က သူ့စက်ရုံအခြေအနေ တော်တော်ဆိုးရွားနေကြာင်းတွေ ပြောပါတယ်။စက်ရုံမှာ စံချိန်မမှီတာတွေ၊ ချို့ယွင်းချက်တွေ အများကြီးရှိကြောင်းပြောတော့ သော့ပ်က ချက်ချင်း ပြင်ဆင်ပြီး အချိန်မီအောင် လုပ်ပေးပါမယ်လို့ဆိုပြီး နောက်တကြိမ် အခွင့်အရေးပေးဖို့ တောင်းဆိုခဲ့ပါတယ်။

စစ်ဆေးရေးအဖွဲ့ ပြန်သွားပြီးနောက်ပိုင်းမှာ ဆဲဗင်းက စစ်ဆေးမှုရလဒ်ကို ဖက်စ်နဲ့ ပို့လိုက်တော့ တိုက်တိုက်ဆိုင်ဆိုင် အဲဒီချိန် သူ့စက်မှာမှင်ကုန်နေပါတယ်။

သော့ပ်လည်း မှုန်တိမှုန်ဝါး စာကြောင်းတွေကို နေရောင်မှာထောင်ကြည့်ပြီး အသဲအသန်ကြိုးစား ဖတ်ပါတယ်။သူ့ရင်ထဲမှာလည်း တဒိတ်ဒိတ်နဲ့ ဗလောင်ဆူလို့ပါပဲ။

နောက်ဆုံးမှာတော့ သူ့ရဲ့ ထောက်ကယ်နွဲ့ စက်ရုံဟာ GMP အတည်ပြုချက် ရရှိခဲ့ပြီး ရေညှိကြော်တွေကို ဆဲဗင်းမှာ ရောင်းချခွင့် ရရှိသွားခဲ့ပါပြီ။

အဲဒီနောက်မှာတော့ သူတို့ဟာ အချိန်ပြည့် အလုပ်လုပ်ပြီး သတ်မှတ်ရက်အတွင်း ရေညှိကြော် အထုပ်ခုနှစ်သောင်းကြော်ကို ဝိုင်းကြော်ကြ၊ ဝိုင်းထုပ်ပိုး ပြင်ဆင်ကြပါတယ်။

သော့ပ်လည်း နေ့မအိပ် ညမအိပ်ဘဲ ဦးလေး ထူးရောင်နဲ့အတူ အလုပ်လုပ်ပါတယ်။

သူက ဦးလေး၊ ဒါက နောက်ဆုံးအကြိမ်ပဲနော်။ ကျွန်တော် အားလုံးကို ပုံအောလိုက်ပြီ။ ဒီတစ်ခါ မအောင်မြင်ရင် ကျွန်တော့်မှာ ဘာမှ ကျန်တော့မှာ မဟုတ်ဘူး။ ပြီးတော့ ကျွန်တော် လက်လျှော့လိုက်တော့မယ်၊ဘာမှ ထပ်မလုပ်တော့ဘူးလို့ ပြောပါတယ်။ အားလုံးပြင်ဆင် ထုပ်ပိုးပြီးတော့ နောက်တစ်နေ့ စက်ရုံကိုပို့ပေမယ့် သူ နာရီပိုင်းလောက် နောက်ကျသွားပါတယ်။

ပထမတော့ စာရင်းစစ်ဆေးတဲ့သူက လုံးဝလက်မခံပါဘူး။နာရီနဲ့ချီပြီးကို နောက်ကျနေတာက အတော်ဆိုးလွန်းတာပါ။

ဒါပေမဲ့ သော့ပ် နှာခေါင်းသွေးလျှံနေတာကို မြင်တော့ သနားစိတ်ဝင်သွားပါတယ်။ ဟာ၊ မင်း မအိပ်မနေပဲ ရေညှိကြော်နေခဲ့ရတာလားလို့မေးခဲ့ပြီးတော့ ကိုယ်ချင်းစာစိတ်နဲ့ သူ့ရေညှိကြော်တွေကိုလည်း တင်ပို့ခွင့်ပြုလိုက်ပါတော့တယ်။

နောက်ဆုံးမှာတော့ သော့ပ်ဟာ အသက် ၁၉ နှစ်အရွယ်နဲ့ သူ့မိသားစုရဲ့ ဘတ် သန်း ၄၀ ရှိတဲ့ ကြွေးမြီကို ဆပ်နိုင်ခဲ့ပါပြီ။သူဝမ်းသာလုံးဆို့တဲ့ မျက်ရည်တွေနဲ့ မိဘတွေဆီကို ဖုန်းဆက်ပါတယ်။

ပြီးတော့ အဖေနဲ့အမေတို့ ကိုယ့်နိုင်ငံကိုပြန်လာလို့ ရပြီနော် လို့ ပြောလိုက်ပါတော့တယ်။

ဒီအခန်းကတော့ ပရိတ်သတ်တွေလည်း ရင်ထဲဆို့နင့်ရပြီးတော့ ကြည်နူးစိတ်နဲ့ မျက်ရည်စို့ရတဲ့အခန်းပါပဲ။

နောက် ၅ နှစ်အကြာမှာပဲ ထောက်ကယ်နွဲ့ ရေညှိကြော်လုပ်ငန်းက ကမ္ဘာအနှံ့ကို တိုးချဲ့နိုင်ခဲ့ပါတယ်။ ၂၀၁၀ ခုနှစ်မှာတော့ ထောက်ကယ်နွဲ့ရဲ့ ကမ္ဘာတစ်ဝန်း ရောင်းအားက ဘတ်သန်း ၁၅၀၀ အထိ ရှိခဲ့ပါတယ်။

ပြီးတော့ရုပ်ရှင်ဟာာလည်း ဒီမှာတင် ပြီးဆုံးသွားခဲ့ပါတော့တယ်။

ဒီရုပ်ရှင်ဇာတ်လမ်းက တကယ့်ကို အားကျစရာကောင်းတဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ပုဒ်ပါ။ ‌သော့ပ်ရဲ့ ဘဝအောင်မြင်မှုရဲ့ အနောက်ကွယ်မှာ ရှိနေတဲ့ ခက်ခဲပင်ပန်းမှုတွေ၊ အတားအဆီးတွေကို ရင်ဆိုင်ကျော်ဖြတ်ရပုံတွေကလည်း တန်ဖိုးရှိတဲ့ သင်ခန်းစာတွေပါ။

တကယ်တော့ "အောင်မြင်မှုဆိုတာ အိပ်မက်မက်ရုံနဲ့ မရနိုင်ပါဘူး။ အိပ်မက်ကို အကောင်အထည်ဖော်ဖို့ အချိန်၊ အားစိုက်ထုတ်မှုနဲ့ မျှော်လင့်ချက်တွေကို ရင်းနှီးရပါတယ်။"

ဒီသော့ပ်ရဲ့ ဇာတ်လမ်းက သက်သေပါပဲ။ သူ့ရဲ့ အောင်မြင်မှုဟာ အလွယ်တကူ ရလာတာမဟုတ်ပါဘူး။ အတားအဆီးတွေကြားမှာ ရုန်းကန်ရင်း၊ အမှားတွေကနေ သင်ခန်းစာယူရင်း၊ မဆုတ်မနစ်ကြိုးစားခဲ့တဲ့ စိတ်ဓာတ်ကြောင့်ပဲ သူ့ရဲ့ အိပ်မက်တွေကို အကောင်အထည်ဖော်နိုင်ခဲ့တာပါ။

မိတ်ဆွေများတို့အားလုံးလည်း ဘဝရဲ့ အတားအဆီးတွေကို ရင်ဆိုင်ပြီး မိမိရဲ့ အိပ်မက်တွေကို အကောင်အထည်ဖော်နိုင်ဖို့ မလွှတ်မပျက် ကြိုးစားကြပါစေ။

"အောင်မြင်မှုဟာ ခက်ခဲပင်ပန်းမှုနဲ့ ရင်းနှီးတဲ့သူတွေအတွက်သာ ရရှိနိုင်တဲ့ ဆုတစ်ခု" ဖြစ်ပါကြောင်း စကားလက်ဆောင်ပါးလိုက်ရင်းနဲ့ ...