
မင်္ဂလာပါ Burmese Top Movie ကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီနေ့တင်ဆက်ပေးမယ့် ဇတ်ကားကတော့ မြန်မာသရုပ်ဆောင်တွေနဲ့ မြန်မာနိုင်ငံမှာ ထိုင်းတွေလာရိုက်ထားတဲ့ ထိုင်းပိုင်တဲ့ကားပါ။ဘယ်လိုဖြစ်ဖြစ် မြန်မာသရုပ်ဆောင်နဲ့ မြန်မာစကားပြောကို netflix ပေါ်မှာ ပထမဆုံးမြင်ခွင့်ရတဲ့ အထိမ်းအမှတ်အနေနဲ့ ဒီကားလေးကို တင်ဆက်ပေးဖို့ ရွေးချယ်လိုက်ပါတယ်။ထိုင်းနိုင်ငံကဒါရိုက်တာက ကြီးကြပ်ရိုက်ကူးထားတဲ့ဇတ်ကားဖြစ်ပြီး ပရလောကနဲ့ မိခင်မေတ္တာအကြောင်းကို ချိတ်ဆက်ဖော်ကျူးထားတာဖြစ်ပါတယ်။ပေါလောကသားတွေ ထိုင်းဒါရိုက်တာတွေရဲ့ ကြီးကြပ်မှုအောက်မှာ ဘယ်လိုပုံစံဖြစ်သွားမလဲဆိုတာကို ဆက်လက်ရှုစားကြရမှာပါ။အဆင့်သင့်ဖြစ်ပြီဆိုရင်တော့ အစီအစဉ်လေးကို စတင်လိုက်ကြရအောင်ပါ။ကျတော်ကတော့ အစီအစဉ်တင်ဆက်သူ အံ့ခေတ်မှူးပဲ ဖြစ်ပါတယ်ခင်ဗျာ။
ရုပ်ရှင်အစမှာတော့ ခေါတ်ဟောင်းဓါတ်ပုံဆရာတယောက်ဟာ
သူ့သားသမီးလေးတွေကို ဓါတ်ပုံရိုက်ပေးနေတဲ့ ကြည်နူးဖွယ်မြင်ကွင်းကို တွေ့မြင်ကြရပါတယ်။တဆက်တည်းမှာပဲ
နောက်ထပ်ဇတ်ဝင်ခန်းမှာတော့ သေဆုံးသွားတဲ့ သမီးငယ်လေးရဲ့ မျက်ခွံပေါ်မှာ မျက်လုံးပုံစံရေးဆွဲပေးနေတဲ့
မိခင်တဦးကိုမြင်ကြရပြန်ပါတယ်။ခဏအကြာမှာတော့ အဲဒီသမီးလေးရဲ့မျက်လုံးတွေ ပွင့်လာခဲ့ပြီး ခြောက်ခြားဖွယ်ရာ
အဖြူထည်မျက်ဝန်းတစုံ ဖြစ်နေခဲ့ပါတော့တယ်။
****
အောင်သူရ နဲ့ မေနှင်းတို့
ဇနီးမောင်နှံဟာ ရေနံချောင်းမြို့ကို အလုပ်တာဝန်နဲ့ ပြောင်းရွှေ့လာကြတာဖြစ်ပြီး
သူတို့နဲ့အတူ သမီးလေး သီရိ လည်းအတူပါရှိပါတယ်။လမ်းတနေရာမှာ လူတချို့မြေပြင်ကိုတူးဆွနေတာမြင်တော့
အောင်သူရ က ဇနီးသည်မေနှင်းကို အခုလိုပြောပြပါတယ်။
“ဒီမြေကြီးတွေရဲ့အောက်မှာ
မြေအောက်ရေစီးကြောင်းတွေရှိတယ်။နွေရာသီဆိုရင် အဲဒီရေတွေက ခမ်းခြောက်ပြီးတော့
တချို့မြေအောက်တွေမှာ တွင်းတွေဖြစ်နေတတ်တယ်။အခန့်မသင့်ရင် ကိုယ်တို့သွားရင်းနဲ့
အဲဒီတွင်းထဲကို ကျသွားနိုင်တယ်။အဲ့တော့ ကိုယ်တို့ကားတွေ သွားဖို့အဆင်ပြေ မပြေ သူတို့ကစစ်ဆေးပေးနေကြတာ”
“နေပါဦး .. ကိုက ဒီအကြောင်းတွေကို
ဘယ်လိုလုပ်သိနေရတာလဲ။ကိုကနိုင်ငံခြားမှာ ကြီးလာတာမဟုတ်လား”
“ကိုကဓါတ်ပုံဆရာလေ”
“ဓါတ်ပုံဆရာဆိုတာနဲ့
အကုန်လုံးသိရောလား”
“ဘာကြောင့်လဲဆိုတော့ အဲဒီဓါတ်ပုံဆရာက
မြန်မာနိုင်ငံက အကောင်းဆုံးသတင်းစာတိုက်ရဲ့ ဓါတ်ပုံအယ်ဒီတာချုပ် ဖြစ်နေလို့ပဲ”
အောင်သူရ စကားဆုံးတော့ မေနှင်းက
ဘာမှလည်းမဆိုင်ဘူး လို့ဆိုတော့ သူဘာမှပြန်မပြောပဲ ရယ်နေပါတော့တယ်။
****
ရုပ်ရှင်က
လွန်ခဲ့တဲ့တလကအချိန်ကို ပြန်ရောက်သွားပါတယ်။မေနှင်းကို စိတ်မသက်သာဖြစ်နေပုံနဲ့မြင်ရပြီး
သမီးလေးသီရိ ကို ကျောင်းလာကြိုနေခဲ့ပါတယ်။သမီးလေးသီရိ ကတော့ အရွယ်နဲ့မလိုက်အောင်
ဆိုးသွမ်းတဲ့စရိုက်ရှိပြီး မိခင်ဖြစ်သူ မေနှင်းကိုလည်း မောက်မောက်မာမာနဲ့ သူစိမ်းတယောက်လိုပဲ
ဆက်ဆံတာပါ။စာသင်ခန်းထဲမှာလည်း ဘယ်ကလေးနဲ့မှမတည့်တဲ့အပြင် သူ့အရုပ်ကိုလာလုတဲ့ ကျောင်းသားကို
ဒဏ်ရာရအောင်လုပ်ပစ်လိုက်လို့ ဆရာမကတောင် မေနှင်းကိုခေါ်ယူ သတိပေးစကားပြောခဲ့ရတဲ့အထိပါပဲ။မေနှင်းက
ဆရာမကိုအတတ်နိုင်ဆုံး တောင်းပန်စကားပြောခဲ့ပေမယ့် ဆရာမက ကိုယ့်သားသမီးကို ကိုယ်တိုင်ကြပ်ကြပ်မတ်မတ်
ထိန်းသိမ်းနိုင်မှသာ မိခင်ကောင်းတယောက်ပီသမယ်လို့ အကြံပေးသလိုလို သတိပေးသလိုလို ပြောခဲ့ပြီး
သီရိကိုလည်း ကျောင်းထုတ်လိုက်ကြောင်းပြောခဲ့ပါတယ်။သီရိ ဒီလိုကိစ္စတွေနဲ့ ကျောင်းပြောင်းခဲ့ရတာ
သုံးကြိမ်အထိရှိလာခဲ့ပါပြီ။မေနှင်း ကတော့ ဖခင်ကလွဲရင်ဘယ်သူနဲ့မှ ကောင်းမွန်စွာမဆက်ဆံတတ်တဲ့
သမီးကိုကြည့်ရင်း အတော်လေးစိတ်ပင်ပမ်းနေခဲ့ပါတယ်။သမီးလေးနဲ့ပတ်သတ်ရင် သူမကိုယ်သူမ သေလူတယောက်လိုခံစားနေရပြီး
မိခင်ကောင်းတယောက်မပီသနိုင်တဲ့ သူမရဲ့အဖြစ်ကို အတော်လေးစိတ်ထိခိုက်နေခဲ့တာပါ။ဒီအကြောင်းတွေကို
အောင်သူရကိုရင်ဖွင့်ပြောပြတော့ သူကမေနှင်းကို ကြင်နာစွာနှစ်သိမ့်ပေးရင်း တခြားနည်းလမ်းတွေရှာဖွေပြီး
အတူဖြေရှင်းကြဖို့အားပေးစကား ဆိုခဲ့ပါတယ်။သမီးလေးရဲ့ အဲဒီကိစ္စဟာလည်း
သူတို့ဒီမြို့လေးကိုပြောင်းလာရတဲ့ အကြောင်းတွေထဲက တခုအပါအဝင်ပါပဲ။
****
မကြာခင်မှာတော့ သူတို့နေထိုင်ဖို့စီစဉ်ထားတဲ့
အိမ်ကြီးကိုရောက်ရှိလာခဲ့ကြပြီး အောင်သူရရဲ့သူငယ်ချင်းတဦးက အဆင်သင့်စောင့်ကြိုနေပါတယ်။အိမ်ထဲကိုဝင်ပြီး
လိုက်ပတ်ကြည့်ရှုရင်း သူငယ်ချင်းဖြစ်သူက ဒီအိမ်ကြီးရဲ့သက်တမ်းဟာ နှစ် ၁၀၀ ကျော်ရှိပြီဖြစ်ကြောင်းနဲ့
အပူပိုင်းဒေသနဲ့ညီညွှတ်အောင် သေချာတည်ဆောက်ခဲ့ကြောင်းတွေ ရှင်းပြပါတယ်။ အိမ်နံရံတနေရာမှာတော့
သက်တမ်းနှစ် ၅၀ ကျော်လောက်ရှိတဲ့ ဓါတ်ပုံအဟောင်းတွေကို မြင်ကြရပြီး ဓါတ်ပုံဆရာဖြစ်တဲ့
အောင်သူရအတွက်တော့ အဲဒီဓါတ်ပုံလက်ရာတွေက တန်ဖိုးမဖြတ်နိုင်တဲ့ အနုပညာလက်ရာတွေပါပဲ။ဒါပေမယ့်
သာမာန်လူတွေအဖို့တော့ ကြည့်လိုက်ရုံနဲ့ ခြောက်ခြားစရာကောင်းနေတဲ့ ဓါတ်ပုံဟောင်းတွေဖြစ်နေပါတယ်။မကြာခင်မှာ
အပြင်မှာ လိပ်ပြာတွေနဲ့ဆော့ကစားနေတဲ့ သမီးလေးကို အမှတ်တရဓါတ်ပုံတပုံ
ရိုက်ယူလိုက်ပါတယ်။အဲဒီအချိန်မှာ သီရိကတော့ အိမ်အပေါ်ထပ်က တစုံတရာက သူတို့ကိုကြည့်နေသလို
ခံစားလိုက်ရတာပါ။
****
ပထမနေ့ ....
ညသန်းခေါင်ယံအချိန်
ပတ်ဝန်းကျင်တခုလုံး တိတ်ဆိတ်ငြိမ်သက်နေပြီး တအိမ်လုံးအိပ်မောကျနေချိန်မှာ
သီရိရဲ့အရုပ်လေးကို တစုံတယောက်က ဆွဲယူသွားလို့ သူလည်းနိုးလာပါတယ်။ပြီးတော့ ဖျတ်ခနဲမြင်လိုက်ရတဲ့
အရိပ်အနောက်ကိုမကြောက်မရွံ့ လိုက်သွားပါတော့တယ်။အဲဒီတစုံတယောက်ဟာ ကလေးမလေးတယောက်ဖြစ်ပုံရပြီး
အခန်းလေးတခုထဲ ဝင်သွားခဲ့တာပါ။ သီရိ အဲဒီအခန်းထဲကိုဝင်သွားတော့ အရုပ်ပိုက်ထားတဲ့ ကလေးမတယောက်ရဲ့
ဖန်သားဓါတ်ပုံလေးကိုအရင်ဆုံး မြင်လိုက်ရပြီး ရှေ့ကလှေကားအတိုင်းလိုက်တက်သွားခဲ့ပါတယ်။အဲဒီမှာတော့
ကလေးမတယောက်ဟာ သူ့အရုပ်လေးရဲ့အင်္ကျီကို ချုပ်နေတာတွေ့ရပြီး သီရိ ချက်ခြင်းပြေးဝင်လုရာမှာ
သူ့လက်ကိုအပ်ထိုးမိပါတော့တယ်။ဒါကိုမြင်တော့ ကလေးမကစိုးရိမ်တကြီးနဲ့ သူမကိုတောင်းပန်ကာ
သီရိလက်ကို ပတ်တီးစီးပေးလိုက်ပါတယ်။
“နင်က ဘယ်သူလဲ”
“ငါ့နာမည်က သီတာတဲ့ ..
ငါ့မှာသူငယ်ချင်းမရှိဘူး ငါတို့သူငယ်ချင်းဖွဲ့ကြရအောင်”
“နင်က ဘယ်လိုလုပ်ဒီအိမ်ကြီးထဲကို
ရောက်လာရတာလဲ”
“ငါတို့က အိမ်စောင့်တွေလေ
.. “
အဲဒီနောက်တော့ သူငယ်ချင်းမရှိဖူးတဲ့
သီရိလေးလည်း သီတာနဲ့အတူ ပျော်ရွှင်စွာဆော့ကစားနေခဲ့ပြီး အချိန်အတော်ကြာတော့
သီတာ့ရဲ့လက်ကြီးဟာ ကြောက်မက်ဖွယ်ရာ လက်မည်းကြီးအဖြစ်ပြောင်းလဲသွားပါတော့တယ်။
****
ဒုတိယနေ့ ...
သီရိ အောက်ထပ်ဆင်းလာပြီး
ထမင်းဝိုင်းက သူမရဲ့ပန်းကန်ကိုဆွဲယူကာ တကိုယ်တည်းအပြင်မှာ
ထမင်းထွက်စားတဲ့အချိန်မှာ သူမလက်က ပတ်တီးကိုကြည့်ကာ ဇဝေဇဝါဖြစ်နေပါတယ်။အိမ်အတွင်းပိုင်းမှာတော့
ကလေးမတဦးရဲ့ဓါတ်ပုံအဟောင်းကို ဦးဇင်းတပါးက အတန်ကြာစိုက်ကြည့်ကာ အောင်သူရကိုခေါ်မေးခဲ့ပါတယ်။
“ဒီဓါတ်ပုံတွေက
အရင်ကတည်းကရှိခဲ့တာလား”
“တင်ပါ့ဘုရား”
“ဒါဆို ဒကာကြီး ဒီဓါတ်ပုံတွေကို
ဒီအတိုင်းပဲထားမှာလား”
“တင်ပါ့ .. ဒီဓါတ်ပုံတွေက
ဒီအိမ်ကြီးရဲ့အမှတ်တရလေးတွေ ဖြစ်တဲ့အတွက် ဒီအတိုင်းပဲထားချင်ပါတယ်ဘုရား”
ဒီလိုစကားကိုကြားရတော့
ဦးဇင်း အတော်လေး စိတ်မသက်မသာဖြစ်သွားပုံရပါတယ်။
“ဒကာကြီးတို့နဲ့
မသက်ဆိုင်တော့ဘူးနော်”
“မှန်ပါတယ်ဘုရား ..ဒါပေမယ့်
ဓါတ်ပုံတွေက အလွန်လက်ရာမြောက်တဲ့ အနုပညာလက်ရာတွေပါဘုရား .. ဒီပုံထဲကလူတွေ မရှိကြတော့ပေမယ့်
ဓါတ်ပုံထဲမှာ တကယ်အသက်ဝင်နေသလို ခံစားရပါတယ်ဘုရား”
“ပစ္စုပ္ပန်မှာပဲ တည့်တည့်နေထိုင်သင့်တယ်ဒကာ
.. အတိတ်ဆိုကြီးကို ငြိတွယ်မနေသင့်ပါဘူး”
ဦးဇင်းဟာ အထက်ပါအတိုင်းမိန့်ကြားပြီးနောက်
တစုံတခုအတွက် ရင်လေးနေပုံနဲ့ ပြန်ကြွသွားခဲ့ပါတော့တယ်။တဖက်မှာ မေနှင်းက သမီးလေးအနားကိုသွားတော့
သီရိ က သမီးတို့အိပ်မက်မက်နေကြတာလား မေမေ ဆိုပြီးမေးလိုက်ပါတယ်။ ကြည့်ရတာ ညတုန်းကသီတာနဲ့သူငယ်ချင်းဖွဲ့ခဲ့တာကို
တကယ်လား အိပ်မက်လား ဝေခွဲမရတဲ့ပုံပါပဲ။မေနှင်း က သမီးလေးကို ဘာပဲဖြစ်ဖြစ်အမေပါရှိတယ်
ဆိုပြီးထွေးပွေ့နှစ်သိမ့်ပေးလိုက်ပါတယ်။ညပိုင်းမှာတော့ ခင်ပွန်းဖြစ်သူကို သမီးလေးပိုပြီး
လိမ္မာလာဖို့နဲ့ သူလည်းမိခင်ကောင်းပီသနိုင်ဖို့ သမီးလေးကို ကြမ်းကြမ်းတမ်းတမ်းကိုင်တွယ်ရင်
ကောင်းမလား ဆိုပြီးမေးပါတယ်။ဒါပေမယ့် မေနှင်းကိုယ်တိုင်လည်း ငယ်စဉ်ကမိခင်ရဲ့ စည်းကမ်းတင်းကြပ်စွာ
ထိန်းချုပ်ခြင်းကို ခံခဲ့ရဖူးတာကြောင့် သူမရဲ့အမေလို မဖြစ်ချင်ပြန်ပါဘူး။ဒါကြောင့်
မေနှင်းဟာ ဘယ်လိုနည်းလမ်းမျိုးနဲ့ မိခင်ကောင်းပီသအောင် ကြိုးစားရမလဲဆိုတာ တွေးမတတ်အောင်
ရှိနေရပါတော့တယ်။တဖက်မှာ သီရိ ကတော့ တခုခုကိုကြိုသိနေသလိုနဲ့ စာကြည့်မီးကို
ပိတ်လိုက်ဖွင့်လိုက်လုပ်နေပေမယ့်လည်း နောက်ဆုံးမှာတော့ ထင်ထားတဲ့အတိုင်းပဲ
သီတာ့ကို မြင်တွေ့လိုက်ရပြန်ပါတယ်။
****
တတိယနေ့ ...
ဒီနေ့မှာတော့ နေအတော်မြင့်တဲ့အထိ
သီရိနိုးမလာခဲ့တော့ပါဘူး။မေနှင်းကိုယ်တိုင် အပေါ်ထပ်တက်လာပြီး နှိုးပေမယ့်လည်း လုံးဝမနိုးပါဘူး။မေနှင်းအောက်ထပ်ဆင်းလာပြီး
အောင်သူရကိုပြောပြတော့ သူက ညကအိပ်မပျော်လို့နေမယ် .. ပေးအိပ်ထားလိုက်ပါလို့ဆိုပါတယ်။ဒါပေမယ့်
နေ့လည်ရောက်တဲ့အထိ သီရိလေးဟာ နိုးမလာပဲ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေဆဲပါပဲ။ဒီတော့မှ
သူတို့ဇနီးမောင်နှံလည်း စိုးရိမ်တကြီးနဲ့ သမီးလေးကို အတင်းလှုပ်နှိုးကြပါတော့တယ်။ဒါပေမယ့်
ဘယ်လိုနှိုးနှိုးမရတာကြောင့် နောက်ဆုံးမှာ ဆရာဝန်ကိုဆက်သွယ်ခေါ်ယူရပါတော့တယ်။မေနှင်းဆရာဝန်ဆီ
ဖုန်းဆက်ပြီး အကျိုးအကြောင်းပြောပြတော့ ဆရာဝန်က သူ့ကို စိတ်အေးအေးထားဖို့နဲ့
အဖျားမရှိဘူးဆိုရင် အချိန်တန်ရင်နိုးလာပါလိမ့်မယ်လို့ နှစ်သိမ့်စကားပြောပါတယ်။ဆရာဝန်နဲ့
စကားပြောလို့မှ မဆုံးသေးခင်မှာပဲ သီရိနိုးလာပြီး အောက်ဆင်းလာတာတွေ့လိုက်ရပါတယ်။သီရိ
က နိုးနိုးလာချင်းမှာပဲ ဗိုက်အရမ်းဆာတယ် ဆိုပြီး မုန့်တွေပလုပ်ပလောင်းနဲ့
အားပါးတရကြီးစားနေပါတော့တယ်။မေနှင်းက သီရိဝတ်ထားတဲ့ အင်္ကျီကို သတိထားမိပြီး အဲဒီအင်္ကျီကိုဘယ်ကရလဲလို့မေးပေမယ့်
သီရိ က ပြန်မဖြေပဲ မေနှင်းကို လာဖက်ထားပြီး အမေ့ကိုအရမ်းချစ်တယ် ဆိုပြီးပြောနေတာပါ။ဒီအတွက်
မေနှင်းအရမ်းအံ့ဩနေရသလို သီရိဟာ အရင်နဲ့မတူပဲ သူ့အပေါ်အလေးထားလာတာကြောင့် ကြည်နူးမဆုံးနဲ့
သမီးလေးမျက်နှာကို တစိမ့်စိမ့်ကြည့်နေမိပါတော့တယ်။အောင်သူရ အိမ်ပြန်ရောက်လာချိန်မှာတော့
မကြုံစဖူး သားအမိနှစ်ယောက် ပျော်ရွှင်မြူးတူးစွာ ဆော့ကစားနေတာကို မြင်လိုက်ရပါတယ်။
သူလည်းသာမာန်လူသားလေးတဦးပီပီ ရှေ့ဆက်ဘာတွေနဲ့ကြုံတွေ့ရမယ်ဆိုတာ မသိနိုင်ပဲ သားအမိနှစ်ယောက်နဲ့အတူ
ပျော်ပျော်ကြီးဝင်ဆော့နေခဲ့ပါတော့တယ်။ဒါပေမယ့် သီရိကညလုံးပေါက်မအိပ်ပဲ ဆော့နေတာကြောင့်
မေနှင်းလည်း အဖော်လုပ်ပေးနေရင်း မိုးလင်းခါနီးမှ သားအမိနှစ်ယောက်သား
အိပ်ယာဝင်ကြရပါတယ်။အဲဒီနေ့ကစပြီး သားအမိနှစ်ယောက်လုံး နေ့ဖက်မှာအိပ်ပြီး
ညဖက်မှာနိုးထတဲ့အကျင့်တွေ စဖြစ်လာကြပါတော့တယ်။
****
လေးရက်မြောက်နေ့...
သီရိ နိုးလာချိန်မှာ သူမဆော့နေကျအရုပ်လေးကိုထားခဲ့ပြီး
အိမ်ထဲကအခန်းတခုဆီကို တန်းတန်းမတ်မတ်ကြီး လျှောက်သွားခဲ့ ပါတယ်။အဲဒီအခန်းထဲက ဖုန်တွေတက်နေတဲ့
အရုပ်မလေးကို ဆွဲထုတ်ယူလာပြီး အဲဒီအရုပ်ဟောင်းလေးနဲ့ ဆော့နေပါတော့တယ်။အောင်သူရ
အိမ်ပြန်ရောက်ချိန်မှာ သမီးလေးအနားကိုရောက်လာရာမှာ ထူးဆန်းမှုတစုံတခုကို ခံစားရပေမယ့်
သူ့စိတ်အထင်ပဲဖြစ်မှာပါလို့ မှတ်ယူလိုက်ပါတယ်။အိပ်ယာဝင်ချိန်မှာ သူတို့ဇနီးမောင်နှံ့အိပ်ယာထဲ
ကလူကျီဇယ်နေကြချိန်မှာ ရုတ်တရတ် သီရိရဲ့ခေါ်သံကို ကြားလိုက်ရပါတယ်။အဲဒီခေါ်သံကို အောင်သူရ
တယောက်ပဲကြားရတာဖြစ်ပြီး မေနှင်းကတော့ ဘာမှမကြားရဘူးလို့ ဆိုပါတယ်။ခဏကြာတော့ သီရိ ရောက်လာပြီး
သူတယောက်တည်း မအိပ်ချင်ဘူးလို့ ပြောလာခဲ့ပါတယ်။မေနှင်းက သမီးလေးအိပ်မက်ဆိုးတွေမက်နေတာနေမယ်
ဆိုပြီး သူတို့နဲ့အတူ ခေါ်သိပ်လိုက်ပါတော့တယ်။
****
ငါးရက်မြောက်နေ့...
အောင်သူရပစ္စည်းအဟောင်းတွေကို
လိုက်လံမွှေနှောက်နေခဲ့ရင်း ဓါတ်ပုံအဟောင်းလေးတွေကို ထပ်မံတွေ့ရှိခဲ့ရပြီး ပုံထဲမှာတော့
သီရိနဲ့အရွယ်တူကလေးတွေကို တွေ့ရပါတယ်။သူလည်းစိတ်ဝင်စားသွားပြီး အလုပ်ထဲမှာ
သူငယ်ချင်းဖြစ်သူကို အဲဒီအိမ်ကြီးရဲ့နောက်ကြောင်းကို စုံစမ်းမေးမြန်းခဲ့ပါတယ်။အဲဒီအိမ်ကြီးကို
အရင်ကဓါတ်ပုံဆရာတယောက်ပိုင်ခဲ့တာဖြစ်ပြီး သူက တကိုယ်တည်းနေတဲ့ လူပျိုကြီးတယောက်ပါ။ကလေးချစ်တတ်သူလည်းဖြစ်ပြီး
သူမွေးစားထားတဲ့ ကလေးတွေလည်း ရှိပါတယ်။ဒါပေမယ့် ၁၉၆၀ အရေးအခင်းပြီးတဲ့နောက်ပိုင်းမှာ
အဲဒီဓါတ်ပုံဆရာ ပြန်ပေါ်မလာတော့ပဲ ပျောက်ခြင်းမလှပျောက်သွားခဲ့တာဖြစ်ပါတယ်။ဒါတွေက အောင်သူရရဲ့သူငယ်ချင်းဆီက
သိရတဲ့ အိမ်ကြီးရဲ့နောက်ကြောင်းတွေပဲဖြစ်ပါတယ်။သူက ဒီအိမ်ကြီးနဲ့ပတ်သတ်တဲ့သူ တယောက်ယောက်များ
အသက်ရှင်နေသေးလားလို့မေးတော့ သူ့အိမ်သစ်တက်ပွဲတုန်းက ပင့်ဖိတ်ခဲ့တဲ့ ဦးဇင်းနန္ဒိယဟာ
ဓါတ်ပုံဆရာရဲ့မွေးစားကလေးတွေထဲက တယောက်ဖြစ်ခဲ့ကြောင်း သိလိုက်ရပါတော့တယ်။အောင်သူရလည်း
ဆရာတော်မိန့်ခဲ့ဖူးတဲ့ စကားတွေကိုပြန်သတိရမိပြီး မတင်မကျစိတ်နဲ့ ရှိနေရပါတော့တယ်။အဲဒီနောက်
ဦးဇင်းနန္ဒိယရဲ့ကျောင်းကို လိုက်သွားပြီး ဦးဇင်းနဲ့တွေ့ဖို့ကြိုးစားခဲ့ပေမယ့် မမျှော်လင့်ထားတဲ့
သတင်းကိုပဲကြားလိုက်ရတာပါ။ ဦးဇင်းနန္ဒိယဟာ မကြာသေးမှီရက်ပိုင်းအတွင်းကပဲ ပျံလွန်တော်မူသွားခဲ့ပြီပဲ
ဖြစ်ပါတယ်။ဒါပေမယ့် ဦးဇင်းနန္ဒိယနဲ့ ရင်းနှီးတဲ့သူ တဦးရှိသေးကြောင်းကို ကိုရင်လေးက
ပြောပြခဲ့ပါတယ်။
ညသန်းခေါင်အချိန်မှာ အသံတချို့ကြောင့် အောင်သူရနိုးလာခဲ့ပြီး သံသယစိတ်နဲ့ လိုက်သွားကြည့်တဲ့အခါမှာ သီရိ တယောက်တည်း ဆော့ကစားနေတာကို မြင်လိုက်ရပါတယ်။သူက သမီးနဲ့အတူဆော့လို့ရမလားဆိုပြီး မေးလိုက်တော့ သီရိက ရတယ်ဖေဖေဆိုပြီး ပြောပြီးတဲ့နောက် ဒီဖက်လှည့်ကြည့်လာရာမှာတော့ ကြောက်မက်ဖွယ်ရာမျက်နှာကြီးကို မြင်လိုက်ရပြီး ...........
အောင်သူရလန့်နိုးလာခဲ့ပါတော့တယ်။သူဇောချွေးတွေပျံနေပြီး
လည်ချောင်းတွေလည်း ခြောက်ကပ်နေတာကြောင့် အောက်ထပ်မှာ ရေဆင်းသောက်ပါတယ်။လှေကားအတိုင်းဆင်းသွားတော့
အိပ်မက်ထဲကလို ဆော့နေတဲ့သမီးလေးကို မတွေ့ရပါဘူး။ဒါပေမယ့် ရေသောက်ပြီးပြန်တက်လာတော့
သမီးလေးတဦးတည်း ရွှေစွန်ညိုလုပ်တမ်းဆော့နေတာကို မြင်လိုက်ရပါတယ်။သူလည်း သမီးလေးနဲ့အတူဝင်ဆော့ပေးနေခဲ့ပြီး
အတော်ကြာတော့ ခြောက်ခြားဖွယ်ရာပုံရိပ်ကြီးတခုက သူ့ကိုတွန်းချပစ်လိုက်ပါတော့တယ်။
****
ခြောက်ရက်မြောက်နေ့...
အောင်သူရတယောက် ကိုရင်လေးရဲ့လမ်းညွှန်ချက်အတိုင်း
ဦးဇင်းနန္ဒိယနဲ့ရင်းနှီးတဲ့ ဦးကျော်ဇောဆိုတဲ့လူဆီကို လိုက်တွေ့ခဲ့ပါတယ်။သူတွေ့ရှိခဲ့တဲ့
ဓါတ်ပုံအဟောင်းလေးကို ဦးကျော်ဇောကိုကမ်းပေးလိုက်ပြီး အဲဒီအိမ်ကြီးရဲ့နောက်ကြောင်းကို
မေးမြန်းခဲ့ပေမယ့် ဦးကျော်ဇောဆိုသူက ပြောပြချင်ပုံမရခဲ့ပါဘူး။
“ဦးလေးဒီအိမ်ကြီးရဲ့အကြောင်းနဲ့ပတ်သတ်ပြီး
ဘာမှမသိဘူး”
“ဦးလေးက ဦးထွန်းမြနဲ့
ညီအစ်ကိုတော်တယ် မဟုတ်ဘူးလား”
“ဦးထွန်းမြနဲ့ ညီအစ်ကိုတော့ဟုတ်တယ်
.. ဒါပေမယ့် သွေးသားတော့ မတော်ဘူး .. သူလည်းငြိမ်းငြိမ်းချမ်းချမ်းနဲ့
ငြိမ်းချမ်းတဲ့ဘဝကို ရောက်သွားပြီ.. သူ့ကိုအေအေးဆေးဆေးနေခွင့်ပြုလိုက်ပါ ... ဦးလည်းဘုရားရှိခိုးဖို့
အချိန်ရောက်နေလို့ ခွင့်ပြုပါဦး”
“ခဏလေးပါဦးလေး .. ကျတော်အကူအညီတောင်းချင်လို့ပါ
.. ကျတော်တို့မိသားစုအဲဒီအိမ်ကိုပြောင်းပြီးနောက်မှာ ကျတော့်မိန်းမနဲ့ သမီးလေးတို့ဟာ
နေ့မှာအိပ်ပြီး ညဖက်မှနိုးလာကြလို့ပါ”
“အဲ့ဒါလည်း ဦးလေးမသိဘူး”
“ဒါဆိုဒီဓါတ်ပုံထဲလူတွေ တယောက်ယောက်များ
သက်ရှိထင်ရှားရှိနေကြသေးလားဦးလေး”
“တယောက်မှမရှိကြတော့ဘူးကွ
.. အားလုံးတိမ်းပါးသွားကုန်ကြပြီ ..မင်းလာတာအရမ်းနောက်ကျသွားခဲ့ပြီ”
အောင်သူရကျေးဇူးတင်စကားပြောပြီး
ပြန်ဖို့လုပ်တော့ ဦးလေးကြီးက ပရိတ်ရေပုလင်းကို လှမ်းပေးလိုက်ပြီး တချိန်ချိန်မှာ
အသုံးဝင်လာပါလိမ့်မယ်လို့ ပြောခဲ့ပါတယ်။
အောင်သူရ စိတ်ညစ်ညစ်နဲ့ဆေးလိပ်ဖွာနေစဉ်မှာ
မေနှင်းရောက်လာခဲ့ပါတယ်။သူက ဒီအိမ်ကြီးကိုရောက်မှ သမီးလေးဟာ တမျိုးတဖုံပြောင်းလဲသွားကြောင်းပြောတော့ မေနှင်းက သမီးလေးကအခုမှ လိမ္မာရေးခြားရှိတဲ့ကလေးဖြစ်လာခဲ့ပြီး
ဒါဟာ ကောင်းတဲ့လက္ခဏာပဲလို့ ဆိုခဲ့တာပါ။ပြီးတော့ ဒီအိမ်ကိုရောက်မှ သမီးလေးဟာ
သူမကိုလည်း အလေးထားလာလို့ သူ့ကိုယ်သူလည်း အခုမှမိခင်တယောက်လိုပြန်ခံစားရတယ်လို့ပြောပါတယ်။ဒါပေမယ့် အောင်သူရ
ဆိုလိုတဲ့ပြောင်းလဲမှုက အဲဒါမဟုတ်ပါဘူး။သူက သမီးလေးသီရိဟာ သူမသိတဲ့တခြားလူတယောက်ဖြစ်နေသလို
ခံစားနေရတာပါ။မေနှင်းကတော့ သမီးလေးဖက်က အကြီးအကျယ်ကာကွယ်နေပြီး အောင်သူရကိုတောင်
အိမ်ပြန်နောက်ကျတဲ့အကြောင်းအပြစ်တင်နေပြန်ပါ တယ်။အဲဒီအချိန်မှာပဲ သမီးလေးရောက်လာခဲ့တာကြောင့်
မေနှင်း လည်း သမီးလေးကိုခေါ်ပြီး အိမ်ထဲကိုဝင်လာခဲ့ပါတော့တယ်။အိပ်ယာထဲမှာ သီရိကို
ပုံပြင်ပြောပြရင်း သားအမိနှစ်ယောက် ချစ်ကြည်နူးစွာ ဖက်ထားလိုက်ချိန်မှာ တကယ်တော့ ကလေးဟာ သီရိ
ဟုတ်မနေခဲ့ပဲ သီတာဖြစ်နေတာကို မြင်လိုက်ကြရပါတယ်။ တကယ့်သီရိ အစစ်ကတော့ ဘေးနားမှာဝိဉာဉ်တခုအဖြစ်ရှိနေပြီး
မိဘအလုခံရတဲ့ ဝမ်းနည်းစိတ်နဲ့ ကျယ်လောင်စွာအော်နေပါတော့တယ်။
****
ရုပ်ရှင်ကအိမ်ကြီးကို စရောက်လာတဲ့
ပထမနေ့ကိုပြန်ရောက်ရှိသွားခဲ့ပါတယ်။
သီရိ နဲ့ သီတာ တို့အတူဆော့ကစားနေကြရင်း
သီတာ က သူ့ကိုဓါတ်ပုံရိုက်ပေးဖို့ စိတ်ကူးရလာခဲ့ပါတယ်။
“နင်ကဘယ်လို ဓါတ်ပုံရိုက်တတ်နေတာလဲ”
“ရိုက်တတ်တာပေါ့ ... ငါ့အဖေက
တကယ့်နာမည်ကြီး ဓါတ်ပုံဆရာပဲလေ.. သူသင်ပေးထားတာပေါ့”
“အဲ့ဒါက ဘာကြီးလဲဟ”
“ဒီဒေါက်က
နင့်ကိုကြာကြာရိုက်နိုင်ဖို့အတွက် ကူညီပေးလိမ့်မယ်”
“ဘာလို့လဲဟ”
“ငါလည်းမသိဘူးဟ .. ဖေဖေပြောတာကတော့
ပုံကောင်းတပုံထွက်ဖို့က ဒီနည်းလမ်းက အကောင်းဆုံးပဲတဲ့..တကယ့်ပုံကောင်းတွေဆိုရင်
အဲဒီပုံထဲမှာ ဝိဉာဉ်တွေကိုပါဖမ်းယူနိုင်တယ်လို့ ပြောဖူးတယ်ဟ”
အဲဒီနောက်မှာ သီတာ ဓါတ်ပုံရိုက်လိုက်ချိန်မှာတော့
သီရိရဲ့ဝိဉာဉ်ဟာအမှောင်ထုတခုထဲကို ရောက်သွားပါတော့တယ်။အပြင်ဖက်က သီရိရဲ့ခန္ဓာကိုယ်ထဲကိုတော့
သီတာရဲ့ဝိဉာဉ်က ဝင်သွားခဲ့တာဖြစ်ပါတယ်။သီတာ က အပြင်ဖက်ကိုပြေးထွက်သွားခဲ့ပြီး
တံခါးကိုလော့ချပစ်လိုက်ပါတယ်။ မကြာခင်မှာတော့ အခန်းထဲကိုတစုံတယောက်ဝင်လာခဲ့ပြီး သူ့ကင်မရာကိုသုံးသွားတဲ့
သီတာကို တကိုယ်တည်းအပြစ်တင်ကြိမ်းမောင်းနေတာကို သီရိ ခိုးကြည့်နေခဲ့တာပါ။အဲဒီလူက ကင်မရာထဲက ဖလင်ပြားကို ထုတ်ယူပြီး ဖလင်ဆေးလိုက်ရာမှာတော့
သီရိ ရဲ့ဓါတ်ပုံကိုမြင်လိုက်ရပြီး အရမ်းချစ်ဖို့ကောင်းလိုက်တာ လို့ပြောနေပါတယ်။ဒါပေမယ့်
သူ့ရဲ့မျက်နှာကကြောက်မက်ဖွယ်ရာကြီး ဖြစ်နေတာမို့ သီရိလည်း အခန်းထဲကပြေးထွက်သွားပြီး
သူ့အဖေကို အော်ခေါ်လိုက်ပါတယ်။တကယ်တော့ မေနှင်းနဲ့ ကလူကျီစယ်နေစဉ်မှာ အောင်သူရ
ကြားလိုက်ရတဲ့ခေါ်သံက သီရိ ရဲ့ဝိဉာဉ်ဆီကလာတာဖြစ်ပါတယ်။ဒါပေမယ့် သီရိကတော့ သူ့ရဲ့ရှေ့မှာ မိဘတွေနဲ့အတူနွေးထွေးစွာ
အိပ်နေတဲ့ သီတာကို မြင်လိုက်ရပြီး သီရိ တယောက် ဝမ်းနည်းခြင်းကြီးစွာ အော်ငိုနေပါတော့တယ်။အတော်ကြာတော့
တစုံတယောက်ရောက်လာခဲ့ပြီး သီရိကိုပွေ့ချီသွားခဲ့ကာ မိခင်တဦးပမာ ကြင်နာယုယစွာ ချော့မြူနေတာကိုမြင်ကြရပါတယ်။သီရိလေးကတော့
ဝမ်းနည်းမဆုံးပဲ ဖေဖေရေ မေမေရေ လို့တတွတ်တွတ်နေခေါ်ပြီး အငိုမတိတ်နိုင်ရှာပါဘူး။အဆိုပါလူကြီးက
သီရိ ကိုငြိမ်ငြိမ်လေးနေခိုင်းပြီး ဓါတ်ပုံရိုက်ပေးမယ်လို့ ပြောနေပါတယ်။ဒါပေမယ့် သီရိ
အငိုမတိတ်နိုင်တဲ့အခါမှာတော့ ခြောက်ကပ်ကပ်အသံကြီးနဲ့ ကြောက်မက်ဖွယ်ရာရုပ်အဖြစ် ပြောင်းလဲသွားပြီး
အော်ငေါက်ပါတော့တယ်။
အောင်သူရ ပစ္စည်းအဟောင်းတွေကြားမှာ
ဖန်သားဓါတ်ပုံတချပ်ကိုမြင်မိပြီး အတွင်းပိုင်းမှာ သူနဲ့ရင်းနှီးတဲ့ ပုံရိပ်တခုထင်နေတာကို
သတိထားလိုက်မိပါတယ်။သူလည်း သံသယစိတ်နဲ့ အဲဒီပုံရိပ်ကို ကွန်ပြူတာဆော့ဖ်ဝဲလ်နဲ့
ကာလာသွင်းကြည့်ရာမှာတော့ သမီးလေးသီရိ ရဲ့ ပုံရိပ်ဖြစ်နေတာကို မြင်လိုက်ရပါတော့တယ်။သူချက်ခြင်းပဲ
နေ့ခင်းဖက်ဆိုလုံးဝမနိုးတဲ့ သမီးလေးဆီသွားပြီး အတင်းနှိုးခဲ့ကာ ဘယ်လိုမှနှိုးမရတဲ့အခါ ပါးကိုခပ်ဆတ်ဆတ်လေး ရိုက်ချပစ်လိုက်ပါတယ်။ဒါလည်းနိုးမလာခဲ့ပါဘူး။မေနှင်း
လည်း သမီးလေးကို ရိုက်ရမလားဆိုပြီး သူ့ကိုရန်တွေ့နေပါပြီ။သူက သမီးလေးကို သူလည်း မေနှင်းလိုပဲ
ထပ်တူချစ်ကြောင်းနဲ့ အခုကပုံမှန်မဟုတ်တဲ့ အမူအကျင့်တွေ ဖြစ်နေတဲ့အကြောင်း ရှင်းပြရပါတယ်။ပြီးတော့
ဒါဟာရောဂါလက္ခဏာတခုခုဖြစ်နေရင် နှစ်ယောက်လုံးရင်ကျိုးရမှာလို့ဆိုတော့ မေနှင်း လည်း
ထူပူသွားပြီး သမီးလေးကိုနှိုးဖို့ကြိုးစားပါတော့တယ်။အောင်သူရ လည်း တစုံတခုကိုသတိရသွားပြီး
အခန်းထဲကထွက်သွားခဲ့ကာ သူပြန်ဝင်လာချိန်မှာတော့ ဦးကျော်ဇောပေးလာတဲ့ ပရိတ်ရေပုလင်းကို
ယူလာခဲ့တာပါ။ကလေးရဲ့မျက်လုံးကို ဖြဲကြည့်ရာမှာတော့ အဖြူထည်ကြီးဖြစ်နေလို့ ထိတ်ခနဲဖြစ်သွားကြပါတော့တယ်။
သူရေမန်းတွေကို မျက်လုံးထဲအနည်းငယ်စီ ခပ်ပေးလိုက်ရာမှာတော့ အငွေ့တွေထွက်လာပြီး
သမီးလေးထအော်ပါတော့တယ်။အတန်ကြာအော်ဟစ်ပြီးနောက် ပြန်လဲကျပြီး
ငြိမ်သက်သွားပြန်ပါတယ်။သူတို့စမ်းသပ်ကြည့်တော့ ကလေးကပုံမှန်အတိုင်း အသက်ရှုနေပေမယ့်
ပြန်တော့နိုးမလာခဲ့ပါဘူး။ နောက်ဆုံးကလေးကိုပိုက်လို့ ဆေးရုံပြဖို့ထွက်လာခဲ့ကြပြီး
ကားပေါ်မှာတော့ မေနှင်း က ကလေးကို ပွေ့ချီထားပြီး အောင်သူရ ကို ရန်တွေ့နေပါတော့တယ်။
“ရှင်ဘယ်လိုလုပ် ကိုယ့်သားသမီးအရင်းကို
ရက်ရက်စက်စက်လုပ်ရတာလဲ”
“ကိုယ်ဘာမှ မရက်စက်ဘူး ။
သာမာန်ကလေးဆိုရင် ပရိတ်ရေလေးထိရုံနဲ့ ဘာဖြစ်မှာမို့လဲ.. ပြီးတော့ ဒီကလေးဟာ နေ့မှာအိပ်
ညမှာ နိုးလာပြီး ရှေးသီချင်းတွေအော်ဆို အရုပ်အဟောင်းကြီးနဲ့ ဆော့လိုဆော့နဲ့ ..
ဒါဘယ်လိုမှ ကိုယ်တို့ကလေးမဖြစ်နိုင်ဘူး”
သူတို့နှစ်ဦးသား ခွန့်တုံ့ပြန်ပြောဆိုရင်းနဲ့
ကားမောင်းလာရာကနေ အကွေ့တနေရာမှာတော့ ပုံရိပ်တခုဘွားခနဲ ပေါ်လာခဲ့ပြီး ကားလည်း လမ်းဘေးထိုးဆင်းသွားပါတော့တယ်။အားလုံးအတော်ကြာ
ငြိမ်သက်နေကြပြီး မေနှင်းသတိရလာတော့ သမီးလေးကို အပြင်ဖက်မှာ တွေ့လိုက်ရတာပါ။ကလေးက
သူ့ကိုတချက်ကြည့်ပြီး အရှေ့ဖက်ကိုလျှောက်ဝင်သွားတာကြောင့် မေနှင်း လည်း နောက်ကနေ
အမြန်လိုက်သွားပါတော့တယ်။ဒါပေမယ့် အောင်သူရ သတိရလာချိန်မှာ ကားနောက်ခန်းမှာ သမီးလေးပဲရှိနေပြီး
မေနှင်း ပျောက်နေတာကို တွေ့လိုက်ရတာပါ။
တဖက်မှာမေနှင်းကတော့ သမီး
သမီး နဲ့ တကြော်ကြော်အော်ခေါ်ရင်း ကလေးအနောက်ကိုလိုက်နေပြီး ကလေးက လမ်းလျှောက်နေတယ်ဆိုပေမယ့်
သူမထက်ကိုအတော်လေး မြန်နေပါတယ်။နောက်ဆုံးတနေရာကိုရောက်တော့ ကလေးကရပ်ပြီး
သူ့ကိုလှည့်ကြည့်လာခဲ့ပြီး တချိန်တည်းမှာပဲ မေနှင်း လည်း နွံအိုင်ကြီးထဲကျွံကျပါတော့တယ်။ကလေးက
ဒါကို ကျေနပ်သလိုစိုက်ကြည့်ပြီး ပြန်ထွက်သွားခဲ့ချိန်မှာ ကံကောင်းစွာပဲ မကြာခင်မှာ အောင်သူရ
ရောက်လာပြီး အချိန်မှီလေး ဆွဲတင်ပေးနိုင်ခဲ့ပါတယ်။နွံအိုင်ကြီးထဲမှာ သူဆွဲတဲ့အရှိန်နဲ့
လိုက်ပေါ်လာခဲ့တဲ့ အရိုးခေါင်းတခုကိုလည်း မြင်လိုက်ကြရပါတယ်။သူတို့နှစ်ဦးသား
ကားဆီကိုပြန်ရောက်လာချိန်မှာတော့ ကားထဲက သမီးလေးပျောက်နေပြန်ပါပြီ။အနီးအနားမှာ လိုက်ပတ်ရှာဖွေကြည့်တော့
ခြေရာလေးတွေကို သတိထားလိုက်မိကြပြီး အဲဒီခြေရာတွေက သူတို့အိမ်ကြီးဆီကို ဦးတည်နေတာပဲ
ဖြစ်ပါတယ်။အိမ်မှာလာပြန်ကြည့်တော့ အိပ်ယာပေါ်မှာ သမီးလေးပြန်ရောက်နေခဲ့ပါပြီ။အောင်သူရ
အသာလေးလှုပ်နှိုးလိုက်တော့ ကလေးကအလွယ်တကူပဲ နိုးလာခဲ့ပါတယ်။ သူ့စိတ်ထဲမှာ တော်တော်လေးကို
သေချာနေပြီမို့ ခပ်တင်းတင်းပဲမေးလိုက်ပါတယ်။
“မင်းဘယ်သူလဲ”
ကလေးက မျက်စိသူငယ်
နားသူငယ်နဲ့ သူတို့နှစ်ဦးကို တလှည့်စီပြန်ကြည့်ပြီး ဘာမှမပြောရှာပါဘူး။
“မင်းဘယ်သူလဲလို့ ငါမေးနေတယ်လေ”
ဒီတကြိမ်မေးလိုက်တော့ ကလေးဟာ
မေနှင်း ကို မေမေလို့ခေါ်ပြီး အားကိုးတကြီးဖက်တွယ်ထားလိုက်ပါတယ်။ မေနှင်း လည်း ကလေးရဲ့လက်ကိုအသာခွာချပြီး ဒူးထောက်ထိုင်ချကာ ခပ်တိုးတိုးလေးမေးလိုက်ပါတယ်။
“နင်ဘယ်သူလဲ...”
“သမီးနာမည် သီတာပါ”
“နင်ဘာလိုချင်တာလဲ”
“မေမေ့လို ကြင်နာတတ်တဲ့ အမေတယောက်လိုချင်လို့ပါ”
“နင့်အမေက ဘယ်ရောက်သွားလို့လဲ”
“သမီးမှာ ဖေဖေပဲရှိတယ် .. အခုသူမရှိတော့ဘူး။သမီးကြောက်စရာကောင်းတဲ့ မွေးစားအမေနဲ့နေရတာ
.. သူကအရမ်းရက်စက်တယ် .. သမီးဒီခန္ဓာကိုယ်ထဲမှာနေမှ သူသမီးကိုရှာမတွေ့မှာ”
“သီရိဘယ်မှာလဲ .. သူ့အကြောင်းပြောပြပါ”
“သမီးမသိဘူး .. သမီးသူ့ကိုလိုက်ရှာသေးတယ် .. ရှာမတွေ့တော့ဘူး”
အောင်သူရက စိတ်မရှည်နိုင်တော့ပဲ ကလေးကိုခပ်ကြမ်းကြမ်းကိုင်လှုပ်ပြီး ဒေါသသံနဲ့ဝင်မေးရာမှာလည်း
သီတာ က သူမ မသိတာ အမှန်တကယ်ဖြစ်ကြောင်းပဲ ပြောနေပါတယ်။
“သမီးတကယ်မသိပါဘူး .. သမီး ဖေဖေနဲ့ မေမေတို့ကိုလည်း တကယ်ချစ်တာပါ ... ပြီးတော့
သမီးတို့က ကစားနေကြတာ ဒီလိုဖြစ်လာလိမ့်မယ်လို့လည်း သမီးမသိခဲ့ပါဘူး"
အောင်သူရ က တော့ သီတာရဲ့စကားကို လုံးဝမယုံခဲ့ပါဘူး။မေနှင်း ကို ကလေးကိုဖမ်းချုပ်ခိုင်းထားပြီး
ပါးစပ်ထဲ ပရိတ်ရေတစက်လောင်းချလိုက်ရာမှာတော့ သီတာကြမ်းပြင်ပေါ်မှောက်ကျသွားပါတော့တယ်။ခဏကြာတော့
ကြောက်မက်ဖွယ်ရာပုံစံနဲ့ သူတို့ကိုလှမ်းအော်လိုက်ပြီး တချိန်တည်းမှာပဲ သူမတခုခုကိုခံစားလိုက်ရတဲ့ဟန်နဲ့
အပေါ်ကို မော့ကြည့်လိုက်ပါတယ်။
“သူ .. သူလာနေပြီ”
“သူဆိုတာ ဘယ်သူ့ကိုပြောတာလဲ .. သီရိလား”
“မေမေ .. သမီးတို့ရဲ့မေမေလေ .. သူက သမီးတို့အားလုံးအိမ်ပြန်လာတာကို မြင်ချင်တယ်တဲ့ ...”
“အားလုံးဆိုတာ ဘယ်သူတွေကိုပြောတာလဲ”
သီတာကသူ့အစွမ်းနဲ့ ဓါတ်ပုံအဟောင်းလေးတခုကို ဖန်တီးပြီးပြခဲ့ပါတယ်။အဲဒီဓါတ်ပုံထဲမှာတော့
ကလေးသုံးယောက်တို့ ပါရှိပြီး အဲဒီလူတွေက သီတာ ၊ ထွန်းမြ နဲ့ ကျော်ဇောတို့ပဲ ဖြစ်ပါတယ်။အဲဒီအချိန်မှာ
ရုတ်တရတ် တစုံတခုသောအရာက ကလေးကို နံရံနဲ့ဆွဲကပ်ထားလိုက်ပြီး သီတာလည်း အော်ဟစ်ငိုယိုပြီး
အကူအညီတောင်းနေပါတော့တယ်။ခဏကြာတော့ အပေါ်အမြင့်ကြီးကို ဆွဲခေါ်သွားပြန်ပြီး ရုတ်တရတ်
ပြန်ပြုတ်ကျလာခဲ့ပါတယ်။အောင်သူရ အမြန်ဖမ်းယူထားလိုက်နိုင်ပေမယ့် သမီးလေးက ပြန်အိပ်ပျော်သွားခဲ့ပြီဖြစ်ပါတယ်။
နောက်နေ့မှာတော့ အောင်သူရ တယောက်ဦးကျော်ဇောဆီကို ရောက်သွားခဲ့ပြန်ပြီး သီတာဖန်တီးပြတဲ့
ဓါတ်ပုံကိုထုတ်ပြပြီး အခုလိုပြောလိုက်ပါတယ်။
“ခင်ဗျားအမေ ခင်ဗျားကိုတွေ့ချင်နေတယ် ဦးကျော်ဇော”
ဦးကျော်ဇောက တည်ငြိမ်စွာပဲ ဓါတ်ပုံကိုကိုင်ကြည့်လိုက်ပါတယ်။
“ဪ .. ဘယ်သူမှမရှိကြတော့ဘူးဆိုတော့လည်း ငါ့အလှည့်ကျပြီပေါ့လေ”
“ကျတော့်သမီးကို ကျတော်ပြန်ခေါ်ချင်တယ် .. ကျတော့်ကို ကူညီပေးပါ”
ဦးကျော်ဇောကတော့ ဝဲကျလာတဲ့မျက်ရည်လေးကိုသုတ်ပြီး အမေဟာ မဖြစ်နိုင်တဲ့ဘဝကို
အမြဲတမ်းဖြစ်ချင်နေခဲ့တဲ့သူတယောက် လို့ပြောနေရှာပါတယ်။
****
“နင့်သမီးကမသေဘူး ..ဒါပေမယ့် ဝိဉာဉ်ဘဝရောက်သွားတာ”
“ဒါဆို ကျမသမီးလေးကို ဘယ်လိုပြန်ခေါ်ရမလဲဆရာ”
“နင်တို့ခေါ်လို့မရဘူး ... အမေဂျမ်းကို အကူအညီတောင်းမှ ရမယ် ..
ဒီအိမ်ကြီးကိုပြန်မရောက်ခဲ့တာ နှစ်ငါးဆယ်ကျော်ကြာပြီ .. ဘဝမှာမေ့လို့မရတဲ့
အဖြစ်အပျက်တွေ ဒီအိမ်ကြီးပေါ်မှာ အများကြီးရှိခဲ့တာပေါ့ ... အဖေကအရမ်းကိုကြင်နာတတ်တယ်
.. ဦးလေးတို့ကို မိသားစုလိုကျွေးမွေးစောင့်ရှောက်ပြီး နွေးထွေးတဲ့မိသားစုလေးဖြစ်အောင်
ဖန်တီးပေးခဲ့တယ်.. သူကအရမ်းကို တော်တဲ့ ဓါတ်ပုံဆရာတယောက်ဖြစ်နေတာက ဦးတို့အတွက် အရမ်းကိုဂုဏ်ယူစရာကောင်းတာပဲ
.. တကယ်ကိုနွေးထွေးတဲ့ မိသားစုဆိုပေမယ့် တခုတော့ မှားယွင်းနေတာရှိတယ် .. အဖေဟာ
ညညဆို သီတာ ကိုအတူခေါ်သွားပြီး ပျောက်ပျောက်သွားတတ်တာပဲ။”
ဓါတ်ပုံဆရာဟာ သူ့ရဲ့သီးသန့်ဓါတ်ပုံဓါတ်ပုံခန်းထဲမှာ အချိန်ကုန်နေတတ်ပြီး ရှေးဟောင်းနည်းပညာတွေနဲ့
ဖန်တီးထားတဲ့ ဖန်သားဓါတ်ပုံတွေ ဖန်တီးနေတတ်ပါတယ်။တနေ့တော့ အမျိုးသမီးတဦးလိုပြင်ဆင်ပြီး
သူ့ကိုယ်သူ မေမေလို့ ခေါ်စေခဲ့ပါတယ်။ အဲဒီနောက် သီတာနဲ့အတူဓါတ်ပုံတွဲရိုက်ခဲ့ပြီး ဖန်သားဓါတ်ပုံလေး
ဖန်တီးခဲ့ပြန်ပါတယ်။သူတို့နှစ်ဦးသား အဲဒီအနုပညာလက်ရာလေးကို ဝိုင်းကြည့်ပြီးကြည်နူးမဆုံးဖြစ်နေ
ခဲ့တာပါ။ဒါပေမယ့်မကြာခင်မှာ ကံဆိုးခြင်းတွေရောက်လာခဲ့ပါတော့တယ်။ဖန်သားဓါတ်ပုံဖန်တီးနေချိန်မှာ
ဓါတုဆေးရည်တွေ သူ့လက်ပေါ်လောင်းချမိပြီး အဲဒီလက်က ပုံမှန်အတိုင်းပြန်မကောင်းလာတော့ပါဘူး။ကံဆိုးခြင်းတွေက
အပေါင်းအဖော်နဲ့ရောက်လာတတ်တယ် လို့ဆိုကြတဲ့အတိုင်း ညပိုင်းမှာတော့ သီတာ့လက်ထဲက
ဓါတုဆေးရည်တွေ ဓါတ်ပုံဆရာရဲ့မျက်နှာပေါ် ဖိတ်စင်သွားခဲ့ပြန်ပါတယ်။သီတာ စိုးရိမ်တကြီးနဲ့
သူ့အနားကပ်သွားတော့ သူသတိလက်လွတ်နဲ့ အရှိန်ပြင်းစွာ
တွန်းထုတ်လိုက်မိပါတယ်။ကြမ်းပြင်ပေါ်အရှိန်နဲ့ ပက်လက်လဲသွားတဲ့ သီတာဟာ
တခါတည်းကိုအသက်ပျောက်သွားတော့တာပါ။အဲဒီနောက်ပိုင်းကစပြီး ဓါတ်ပုံဆရာဟာ အိမ်ကြီးကနေထွက်သွားခဲ့ပြီး
လုံးဝပြန်မလာတော့တာပဲ ဖြစ်ပါတယ်။
“အဲဒီတုန်းက တိုင်းပြည်ကလည်း မငြိမ်မသက်ဖြစ်နေတော့ သူပျောက်သွားတာကို
ဘယ်သူကမှလည်း အရေးတယူလုပ်မနေကြဘူး။အဲဒီနောက်ပိုင်းကစပြီး ဦးလေးတို့လည်း ကိုယ့်အားကိုယ်ကိုးပြီး
ရုန်းကန်အသက်ရှင် လာခဲ့ကြတာပါပဲ”
ဦးကျော်ဇော က နတ်ကတော်လိုပြင်ဆင်ပြီး ပြောင်းဖူးဖက်ဆေးလိပ်ကြီးဖွာလို့ အမေဂျမ်းဝင်ပူးဖို့
ပြင်ဆင်ပါတယ်။အရှေ့မှာ သမီးလေးကို ချထားပြီး အောင်သူရတို့ ဇနီးမောင်နှံလည်း တရိုတသေထိုင်နေကြပါတယ်။မကြာခင်မှာတော့
ဦးကျော်ဇော ခေါင်းတငြိမ့်ငြိမ့်လုပ်လာပြီး ခုလိုပြောပါတော့တယ်။
“ကောင်းလိုက်တဲ့ ဆေးလိပ်လေးပဲ .. ဒီအရသာကို မေ့နေတာတောင် အတော်ကြာခဲ့ပြီ”
“ဦးကျော်ဇော” အောင်သူရက သံသယစိတ်နဲ့ခေါ်ကြည့်လိုက်ပါတယ်။
ဒါပေမယ့် ဦးကျော်ဇောကိုယ်ထဲမှာ ဝင်ပူးကပ်တဲ့ဝိဉာဉ်ကတော့
အမျိုးသမီးလိုပြင်ဆင်ထားတဲ့ ဓါတ်ပုံဆရာကြီးကိုယ်တိုင်ပဲဖြစ်နေခဲ့တာပါ။
“သူက ငါ့ဆီကမေတ္တာကို အရမ်းကိုမျှော်လင့်နေခဲ့တာ .. ဒါပေမယ့် ငါကပျော့ညံပြီးအသုံးမကျတဲ့ကလေးကို
လုံးဝမချစ်ဘူး”
“ခင်ဗျားက အမေဂျမ်းလား”
ဒီလိုမေးတော့ သူကအပျိုဖျန်းလေးတယောက်လို မခို့တရို့လေး ရယ်သွမ်းသွေးပြပါတယ်။
“တို့က အဲ့လောက်တောင်မှ လှနေတာလား ... တကယ်တော့ ငါက ဒီအိမ်ကြီးရဲ့ ပိုင်ရှင်ပဲ..
ဒီအိမ်ကြီးထဲမှာ ရှိသမျှအားလုံးကို ငါပိုင်တယ်”
“ခင်ဗျား ဘာလိုချင်တာလဲ”
“ငါလိုချင်တာ ငါ့သမီးပေါ့ဟဲ့...အရူးရဲ့”
“သီတာက ခင်ဗျားဆီမှာပဲလေ”
“မဟုတ်ဘူး .. နင်တို့နဲ့အတူနေနေတာလေ .. နင်တို့သူ့ကိုဘယ်မှာဖွက်ထားလဲ .. ပြောစမ်း”
“သူတို့ဘယ်မှာရှိလဲခင်ဗျားမသိဘူးပေါ့”
“အေး... မသိဘူး .. နင်တို့ငါ့ကိုအရူးလုပ်နေတာလား .. ချက်ခြင်းအိမ်ပေါ်ကထွက်သွား”"
“မသွားဘူး .. ကျုပ်သမီးသီရိကို ပြန်မရမချင်းဘယ်မှမသွားဘူး”
“မရဘူး ... ဒီအိမ်ထဲမှာရှိတဲ့ ကလေးတွေမှန်သမျှ ငါ့ကလေးတွေပဲ .. ငါကသူတို့ရဲ့အမေလေ”
တချိန်လုံးတိတ်ဆိတ်နေတဲ့ မေနှင်းလည်းသည်းမခံနိုင်တော့ပဲ ဝင်အော်ပါတော့တယ်။
“သူခိုးမ .. သူများကလေးကိုခိုးချင်တဲ့ သူခိုးမက ဘယ်လိုလုပ်အမေဖြစ်နိုင်မှာလဲ”
ဒီစကားကိုကြားတော့ ဓါတ်ပုံဆရာဒေါသအကြီးကျယ်ထွက်ပြီး မေနှင်းရဲ့ခန္ဓာကိုယ်ထဲကို
ဝင်ပူးသွားပါတော့တယ်။ပြီးတော့ ကလေးတွေအားလုံးဟာ သူ့ကလေးပဲဖြစ်တဲ့ကြောင်းနဲ့ ဘယ်တော့မှပြန်မပေးဘူးဆိုပြီး
အောင်နိုင်သူတယောက်လို ကြွေးကြော်နေပါတော့တယ်။နောက်ဆုံးမှာ ဦးကျော်ဇောက ပရိတ်ရေတိုက်လိုက်တဲ့အခါမှာ
မေနှင်း လည်း ပြန်သတိဝင်လာပါတော့တယ်။အောင်သူရ က ဦးကျော်ဇော ကို ပြန်လိုက်ပို့ချိန်မှာ
ဦးကျော်ဇောက ဒီကိစ္စဟာအရမ်းထူးဆန်းနေကြောင်းနဲ့ ပုံမှန်အတိုင်းဆိုရင် သူ့အဖေဓါတ်ပုံဆရာနဲ့
မေနှင်းတို့ ပတ်သတ်မှုတခုခုရှိမှသာ အခုလိုဝင်ပူးကပ်နိုင်လိမ့်မယ်လို့ ပြောနေခဲ့တာပါ။ဒီဖက်မှာ
မေနှင်း ကတော့ သမီးလေးအတွက် ဆုံးဖြတ်ချက်တခုချလိုက်ပြီး စာတစောင်ရေးလိုက်ပါတယ်။အဲဒီနောက်မှာ
သမီးလေးကိုတချက်ထွေးပွေ့ကာ “သီရိ ... သမီးကိုအမေ ရအောင်ပြန်ရှာမယ်” ဆိုပြီးပြောလိုက်ပါတော့တယ်။အဲဒီနောက်မှာ
မြစ်ကမ်းနားဆီကို တရွေ့ရွေ့လျှောက်လာခဲ့ပြီး မြစ်ရေပြင်ထဲကို ဆင်းသွားခဲ့ကာ
သူမကိုယ်ကို ရေနက်ကြီးထဲမှာ အဆုံးစီရင်ပစ်လိုက်တော့တာပါ။မကြာခင်မှာတော့ မေနှင်းရဲ့ဝိဉာဉ် ကမ်းစပ်ပေါ်ရောက်နေပြီး သီတာ လည်း အဲဒီနားမှာရှိနေတာကို မြင်ကြရပါတယ်။မေနှင်းကိုမြင်တော့
သီတာဝမ်းသာအားပြေးဖက်လိုက်ပြီး နှစ်ဦးသားအိမ်ဆီကို အမြန်ပြန်လာခဲ့ကြပါတော့တယ်။မေနှင်း
ရဲ့ခန္ဓာကိုယ်ကတော့ မြစ်ထဲမှာနစ်နေတာဖြစ်ပြီး သီရိ ကိုရှာဖို့ ဝိဉာဉ်အဖြစ်နဲ့ အိမ်ကိုပြန်လာခဲ့တာပါ။အိမ်ကိုရောက်တော့
တအိမ်လုံးလှည့်ပတ်ရှာဖွေပေမယ့် သီရိ ကို လုံးဝရှာမတွေ့နိုင်ပါဘူး။သီတာ ကို မေးကြည့်တော့
သူလည်းတအိမ်လုံးအနှံ့ရှာခဲ့ပေမယ့် မတွေ့ခဲ့ဖူးလို့ဆိုပါတယ်။ဒါပေမယ့် သီရိ ဟာ ဒီအိမ်ကြီးထဲမှာပဲ
ရှိနေတာတော့ သေချာနေပြီး သူ့ရဲ့ခန္ဓာကိုယ်နဲ့အဝေးကြီးကို ထွက်သွားမရနိုင်လောက်ဘူး
လို့လည်းပြောပြပါတယ်။ အဲဒီအချိန်မှာ ဓါတ်ပုံဆရာ့ဝိဉာဉ် သူတို့အနားရောက်လာလို့ သူတို့လည်းပုန်းနေရပါတယ်။ကြည့်ရတာ
ဓါတ်ပုံဆရာလည်း သီရိဝိဉာဉ်ကို လိုက်ရှာနေပုံရပါတယ်။မေနှင်း က သီရိဟာ တူတူပုန်းတမ်းဆော့တိုင်း
ဘယ်သူမှမတွေ့နိုင်တဲ့ နေရာကို ရှာတာအရမ်းတော်ကြောင်း ပြောပြပါတယ်။ဒီအခါမှာ
သီတာလည်း ဒါဆိုရင် ဓါတ်ပုံဆရာရဲ့အဝတ်လဲခန်းမှာ ရှိနေနိုင် တယ်လို့ ပြောခဲ့ပါတယ်။သူတို့လည်း
အဲဒီအခန်းထဲကို အမြန်သွားပြီးလိုက်ရှာကြပါတော့တယ်။မကြာခင်မှာ သော့ပိတ်ထားတဲ့
ဗီရိုတလုံးကိုမြင်ရပြီး မေနှင်း က သံသယဝင်မိပေမယ့် သီတာက ဒီဗီရိုက အမြဲပိတ်ထားကြောင်းနဲ့
အထဲမှာသီရိမရှိနိုင်ဘူးလို့ ပြောပါတယ်။ဒါပေမယ့် ကြည့်ရတာ အတွင်းကနေသော့ခတ်ထားပုံရတာကြောင့်
မေနှင်း လည်း ဗီရိုအနားကပ်ပြီး သမီးသီရိ ဆိုပြီး အနားကပ်ခေါ်ရာမှာတော့ အတွင်းက
သီရိကြားသွားပါတော့တယ်။မေနှင်း က သီရိ ကို အတူတူအိမ်ပြန်ဖို့ လာခေါ်တာလို့ ပြောခဲ့ပေမယ့်
သီရိ က မေမေတို့သမီးကိုမချစ်တော့ဘူး ..သီတာကိုပဲချစ်တယ် ဆိုပြီး စိတ်ဆိုးနေခဲ့တာပါ။မေနှင်း
လည်း အပြင်ကနေ ငိုယိုတောင်းပန်နေပြီး သီတာ ကပါ ဓါတ်ပုံဆရာမရောက်လာခင် အမြန်ထွက်လာဖို့
ဝိုင်းပြောပေးနေခဲ့ပါတယ်။သီရိ ကတော့ စိတ်မပြေနိုင်သေးတာကြောင့် လုံးဝထွက်မလာခဲ့ပါဘူး။မေနှင်း
က သမီးလေးဝိဉာဉ်ဖြစ်သွားလို့ မေမေတို့မမြင်ရတဲ့အကြောင်း ရှင်းပြပေမယ့် သီရိ က
နားမလည်နိုင်ပါဘူး။သီရိ က မေမေ့ကို အမြဲတမ်းလိုက်ခေါ်နေပေမယ့် တခါမှလှည့်မကြည့်ပဲ
ပစ်ထားတယ်ဆိုပြီး အထဲကနေ ငိုပြီးပြောနေပါတယ်။မေနှင်းက သူတို့ဟာ လောကချင်းခြားနေတာကြောင့်
မမြင်နိုင်ဘူးလို့ ရှင်းပြပေမယ့် သီရိ ကတော့ သူ့ကိုဆိုးတဲ့ကလေးမို့မချစ်တော့ဘူး
မဟုတ်လား ဆိုပြီးပြောနေဆဲပါပဲ။မေနှင်း လည်း ဘယ်လိုမှပြောမရတဲ့အဆုံး ခပ်ကြမ်းကြမ်းကိုင်တွယ်ဖို့
ဆုံးဖြတ်လိုက်ပြီး ဗီရိုကိုထုပြီး အော်ပြောပါတော့တယ်။
“သီရိ .. နင်ထွက်လာခဲ့ရမယ် .. နင့်အဖေနင့်ကိုစောင့်နေတယ် ဘယ်လိုမဆိုနင်ဟာ
ငါဝမ်းနဲ့လွယ်ထားတဲ့ ငါ့သမီးပဲ .. ငါ့စကားနားထောင်ရမယ် .. နင်ဒီဝိဉာဉ်လောကမှာ ဆက်မနေချင်ဘူးဆိုရင်
ချက်ခြင်းထွက်လာခဲ့စမ်း”
မေနှင်းရဲ့စကားဆုံးတော့ သမီးကိုတခါမှ ဒီလိုမအော်ဖူးလို့ သူမနောင်တစိတ်တွေ
ဝင်လာမိပြန်ပါတယ်။ဒါပေမယ့် သူ့လုပ်ရပ်မှန်ကန်ခဲ့ပါတယ်။ချက်ခြင်းပဲ
တံခါးဖွင့်သံနဲ့အတူ သီရိ ထွက်လာခဲ့ပါတော့တယ်။သားအမိနှစ်ယောက် ဝမ်းနည်းဝမ်းသာပြေးဖက်လိုက်ကြမိပြီး
မေနှင်း က သီတာ့ကို ဘာဆက်လုပ်ရမလဲလို့မေးပါတယ်။သီတာ လည်း ဓါတ်ပုံရိုက်ကြရမယ် လို့ပြောကာ
သူတို့ကို ခေါ်သွားခဲ့ပါတော့တယ်။
****
အောင်သူရ အိမ်ပြန်ရောက်လာတော့ သမီးလေးရဲ့အနားမှာ စာလေးတစောင်တွေ့လိုက်ရပြီး
ဖတ်ကြည့်ပြီးတဲ့နောက်မှာ အိမ်ပေါ်က ပြေးဆင်းသွားပါတော့တယ်။
ဒီဖက်မှာလည်း ဓါတ်ပုံရိုက်တဲ့အခန်းဆီကို အပြေးလာကြရင်း မကြာခင်မှာ ဓါတ်ပုံဆရာကမေနှင်းကို
ဖမ်းမိသွားပါတော့တယ်။သီတာ က ဓါတုဆေးတွေကန်ချလိုက်ချိန်မှာ မေနှင်း
သူ့ကိုတွန်းထုတ်ပြီး အပေါ်ပြေးတက်သွားကာ သီတာက ဆေးတွေအပေါ်မီးစပစ်ချလိုက်တာကြောင့်
သူဆက်လိုက်လို့မရပဲ မီးလောင် ကျန်ရစ်ခဲ့ရပါတော့တယ်။သူတို့လည်း အမြန်ပဲ အခန်းထဲဝင်လာပြီး
အရင်တခေါက်အတိုင်း ဓါတ်ပုံပြန်ရိုက်ကြပါတယ်။နောက်ဆုံးအချိန်မှာ သီတာ က သီရိ ကို တောင်းပန်စကားပြောတော့
သီရိ က ပြုံးရွှင်စွာနဲ့ပဲ ကျေအေးပေးခဲ့ပါတယ်။အပြင်ဖက်က ဓါတ်ပုံဆရာကတော့ သူဝင်တားဖို့အချိန်မမှီတော့ကြောင်း
ရိပ်မိတဲ့အခါမှာ မြစ်ထဲက မေနှင်း ရဲ့ခန္ဓာကိုယ်ထဲကို သွားဝင်ပူးပြီး အပေါ်ပြန်တက်လာပါတော့တယ်။
တချိန်တည်းမှာပဲ အောင်သူရ ကလည်း မေနှင်းရဲ့စာထဲကအတိုင်း လိုက်လာခဲ့တာဖြစ်ပြီး သူမေနှင်းကိုသွားထူပေးတော့
တွန်းထုတ်ပစ်တာ ခံလိုက်ရပါတယ်။ဒီဖက်မှာ သီရိ လည်း ခန္ဓာကိုယ်ထဲကိုပြန်ဝင်လာနိုင်ခဲ့ပြီး
နိုးလာချိန်မှာ မေနှင်း ကိုတွေ့ရတော့ ဝမ်းသာအားရနဲ့ ပြေးဖက်ထားလိုက်ပါတယ်။ဒါပေမယ့်
ခဏကြာတော့ တစုံတခုထူးခြားနေတာကို သတိပြုမိလိုက်ပါတယ်။
“ရှင်ဘယ်သူကြီးလဲ”
“ငါနင့်အမေလေ”
ဒါပေမယ့် မေနှင်း ရဲ့မူမမှန်တဲ့လေသံနဲ့ ဖြေတဲ့စကားကိုကြားရတော့ ကလေးလည်း ကြောက်လန့်တကြား
အော်ပြီးထွက်ပြေးသွားပါတော့တယ်။ဒါပေမယ့် မေနှင်းက သူ့ကိုအိမ်အနှံ့လိုက်ရှာနေခဲ့ပြီး
နောက်ဆုံးဖမ်းမိသွားတဲ့အခါမှာတော့ လည်ပင်းညှစ်သတ်ဖို့လုပ်ပါတော့တယ်။ ခဏကြာတော့ အောင်သူရ
ရောက်လာပြီး ဝင်ဆွဲပေမယ့် သူ့ကိုပါဖမ်းပြီး နှစ်ယောက်လုံးကို လည်ပင်းကိုင်ညှစ်ထားလိုက်ပါတယ်။သားအဖနှစ်ယောက်သား
သေအံ့ဆဲဆဲဖြစ်နေတာကို သူကကျေနပ်အားရတဲ့ မျက်နှာကြီးနဲ့ ပြုံးဖြီးဖြီးကြီး ကြည့်နေတာပါ။ဒီအချိန်မှာ
အခန်းထဲကထွက်လာတဲ့ သီတာ နဲ့ မေနှင်း တို့ဝိဉာဉ်တွေက သူတို့ကိုတွေ့သွားခဲ့ပါတယ်။မေနှင်းက
ရုတ်တရတ် ဘာလုပ်ရမှန်းမသိဖြစ်သွားပေမယ့် သီတာကတော့ ပြတ်ပြတ်သားသားပဲ ပြောလိုက်ပါတယ်။
“သူတို့ကို ထိခိုက်အောင် မလုပ်ပါနဲ”
“ငါကနင့်အမေလေ .. နင်အမိန့်လာပေးစရာလား”
“သမီးရဲ့အမေမဟုတ်ဘူး ... သမီးမှာအမေမရှိဘူး .. သမီးမှာအဖေပဲရှိတယ် .. သမီးအဖေ့ကိုပဲချစ်တယ်
သူကအရမ်းကြင်နာပြီးတော့ သမီးတို့ကို သိပ်ဂရုစိုက်တယ် ... သမီးမှာ အဖေတယောက်ပဲရှိတယ်
.. အဖေ့ကိုပဲချစ်တယ် အဖေ့ကိုပဲပြန်လာစေချင်တယ်”
ဓါတ်ပုံဆရာကြီးဟာ သီတာရဲ့ အဲဒီစကားတွေကိုကြားပြီးနောက် တကယ်တော့ သူဟာအိမ်ကြီးထဲက ထွက်သွားတဲ့နေ့ကပဲ နွံအိုင်ကြီးထဲနစ်ပြီး
သေဆုံးသွားခဲ့ပုံတွေကို ပြန်အမှတ်ရသွားကာ တွေဝေနေမိပါတော့တယ်။အဲဒီအချိန်မှာ မေနှင်း
ကလည်း သူ့ရဲ့ခန္ဓာကိုယ်ထဲကို ပြေးဝင်လိုက်ပြီး အောင်သူရ နဲ့ သီရိ တို့ကိုလွှတ်ချပေးလိုက်ပါတယ်။ကံဆိုးချင်တော့
သူမလည်းတခါတည်း လှေကားပေါ်ကနေ နောက်ပြန်ပြုတ်ကျသွားခဲ့ပါတော့တယ်။သားအဖနှစ်ယောက်သား
သူမဆီအပြေးရောက်သွားတော့ မေနှင်း အခြေအနေလုံးဝမဟန်တော့ပါဘူး။နောက်ဆုံးအချိန်မှာ
သူမသမီးလေးကိုအရမ်းချစ်ကြောင်းနဲ့ မိခင်ကောင်းမဖြစ်ခဲ့တာကို ခွှင့်လွတ်ဖို့တောင်းပန်စကားဆိုရာမှာတော့
သီရိ လည်း မဟုတ်ပါဘူး မေမေသာအကောင်းဆုံးပါ သမီးတို့ကိုမထားခဲ့ပါနဲ့ဆိုပြီး ငိုကြီးချက်မနဲ့ ဖြစ်နေရပါပြီ။မေနှင်း က ခင်ပွန်းဖြစ်သူကို
နောက်ဆုံးအနေနဲ့ချစ်တဲ့အကြောင်း ပြောပြီးနှုတ်ဆက်စကားဆိုတော့ အောင်သူရလည်း မျက်ရည်တွေပိုးပိုးပေါက်ပေါက်ကျအောင်
ခံစားလိုက်ရပါတယ်။အဲဒီနောက်တော့ သမီးလေးကို မေမေကိုဘယ်တော့မှ မမေ့ပါနဲ့လို့မှာခဲ့ပြီးနောက်
မေနှင်း သေဆုံးသွားခဲ့ပါတော့တယ်။
****
အိမ်ကြီးရဲ့အရှေ့မှာ အနောက်တိုင်းဝတ်စုံကို သပ်ရပ်စွာဝတ်စားဆင်ယင်ထားတဲ့ ဓါတ်ပုံဆရာဟာ
အထုပ်အပိုးတွေနဲ့ ထွက်ခွာဖို့ ပြင်ဆင်နေပါတယ်။သီတာ ရောက်လာတဲ့အခါမှာတော့ သူကကြင်နာစွာနှုတ်ဆက်စကားဆိုခဲ့ပါတယ်။
“ဖေဖေ ဒီအိမ်မှာ ဆက်မနေတော့ဘူးသမီးလေး ... ဖေဖေဒီအိမ်နဲ့ မသက်ဆိုင်တော့ဘူး.. ဖေဖေသွားရတော့မယ်”
“သမီးကဖေ့ဖေ့ကို နေစေချင်သေးတာ”
“ဒါပေမယ့် ဖေ့ဖေ့အချိန်ကစေ့သွားပြီ .. နေလို့မရတော့ဘူး သမီးလေးရဲ့”
“ဒါနဲ့ ဖေဖေက ဘာဖြစ်လို့ အမေလည်းဖြစ်ချင်ခဲ့တာလည်းဟင်”
“အဖေလည်းမသိပါဘူး သမီးရယ် .. တခါတလေအဖေ့ရဲ့စိတ်ကို အဖေထိန်းချုပ်လို့မရနိုင်ဘူး”
“ကဲ...ဒါတွေမတွေးနဲ့တော့ ဖေဖေသွားတော့မယ်နော်”
“ဟုတ်”
ဓါတ်ပုံဆရာက သီတာ့ရဲ့နဖူးလေးကို ဖွဖွလေးနမ်းလိုက်ပြီး နောက်ဆုံးကြိမ်ထွေးပွေ့နှုတ်ဆက်လိုက်ပါတယ်။အဲဒီနောက်တော့
သူ့ရဲ့အထုပ်အပိုးတွေကိုဆွဲလို့ တဖြည်းဖြည်းလျှောက်လှမ်း ထွက်ခွာသွားခဲ့ပါတော့တယ်။
****
တဖက်မှာအောင်သူရလည်း နံရံကဓါတ်ပုံတွေ ဖြုတ်သိမ်းပြီးနောက်မှာ အထုပ်အပိုးတွေနဲ့
သားအဖနှစ်ယောက်သား အိမ်ထဲကထွက်ဖို့ပြင်ဆင်နေကြပါပြီ။သူတို့ကားလေးထွက်ခွာလာခဲ့တော့
သီရိ က ကားနောက်ခန်းကနေ အိမ်ကြီးကို လှမ်းငေးကြည့်ရင်း လိုက်ပါသွားခဲ့ပါတယ်။တကယ်လို့
သီရိ သာ မြင်နိုင်မယ်ဆိုရင် အိမ်ဝရံတာမှာ မေနှင်း နဲ့ သီတာ တို့ရဲ့ ဝိဉာဉ််တွေဟာ သူတို့ကို ငေးကြည့်ရင်း
ကျန်ရစ်ခဲ့တာကို မြင်နိုင်မှာပဲဖြစ်ပါတော့တယ်။
ဟုတ်ကဲ့ပါ ဒီကနေ့အတွက် တင်ဆက်မှုကတော့ ဒီမှာတင်အဆုံးသတ်ပါပြီ
နောက်နေ့တွေများမှာလည်း ရုပ်ရှင်ဇတ်ကားကောင်းများနဲ့ ပြန်လာခဲ့ပါဦးမယ်
အဆုံးထိအားပေးခဲ့တဲ့ ပရိတ်သတ်အယောက်စီတိုင်း ကို အထူကျေးဇူးတင်ရှိပါတယ်
ပရိတ်သတ်များနဲ့တကွ ရွှေမြန်ပြည်သားများအားလုံး ကျန်းမာ ဘေးကင်းကြပါစေခင်ဗျာ။